ရန်ကုန်သို့ မဟာဓာတ်အားလိုင်းမှ မီးအဝင် မရှိတော့၊ လျှပ်စစ်မီးကို ရေတင်ရန်လောက်သာ ခေတ္တ မီးပေးမည်

လတ်တလောဖြစ်ပေါ်နေသော သဘာဝဘေးဆိုင်ရာ အခြေအနေများအရ ရန်ကုန်သို့ ပင်မဓာတ်အားလိုင်းများမှ ပို့လွှတ်သော ဓာတ်အားဝင်ရောက်နိုင်ခြင်း မရှိပါဘူးလို့ လျှပ်စစ် အသိုင်းအဝိုင်းက အတည်ပြုပါတယ်။

ဓာတ်အား မရတဲ့ အဆိုပါကာလအတွက် ရန်ကုန်တတိုင်းလုံး၏ မြို့နယ်အသီးသီးအား အုပ်စု (၆)ခုခွဲ၍ တကြိမ်ဓာတ်အားရလျှင် လေးနာရီကြာဖြင့် ဖြန့်ဖြူးသွားမယ် လို့လည်း ဆိုပါတယ်။

လတ်တလောတွင် ဓာတ်အားခွဲရုံအားလုံးအား ချိတ်ဆက် ပို့လွှတ်နိုင်ခြင်း မရှိသေးသဖြင့် ဆောင်ရွက်လျှက်ရှိပြီး ယနေ့ နံနက် (၅:၀၀)-(၉:၀၀)အချိန်အထိ အုပ်စု(A)အား အလှည့်ကျ ဓာတ်အားပေးထားတယ်လို့ သိရပါတယ်။

ယနေ့ စတင်ပေးတဲ့ အုပ်စု (A)သည် ယခင်အုပ်စု (AB)အရဖြစ်စေ၊ အုပ်စု(ABC)အရဖြစ်စေ ပါဝင်ခဲ့ဖူးသော အုပ်စု မဟုတ်ဘဲ ယခု (၆)အုပ်စု ABCDEFအရ သတ်မှတ်ထားသော အုပ်စု A Groupအသစ် ဖြစ်ပါတယ်။

ကိုယ့်အိမ်က မည်သည့် ဓာတ်အားပေးအုပ်စုတွင်ပါဝင်သည် မသိနိုင်ပါသဖြင့် စောင့်ဆိုင်း၍ ရေတင်ခြင်း၊ အားသွင်းခြင်းများ ပြုလုပ်ကြဖို့လည်း YESC က မေတ္တာရပ်ခံထားပါတယ်။

YESC ရဲ့ ထုတ်ပြန်ကြေညာချက် အပြည့်အစုံကတော့ အောက်ပါအတိုင်း ြဖ်စပါတယ်။

မိဘပြည်သူများထံသို့ မေတ္တာရပ်ခံအသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++++++
၁။ ယနေ့ (၂၈.၃.၂၀၂၅) ရက်နေ့၊ (၁၂:၅၅) နာရီ အချိန်ခန့်တွင် ဖြစ်ပွါးခဲ့သော မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်လျှက်ရှိရာ (၂၉.၃.၂၀၂၅) ရက်နေ့၊ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် (၄)နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ချိတ်ဆက် ပို့လွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံအသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း