ငလျင်ကာလအပြီး ရန်ကုန် အိမ်ခြံမြေစျေးကွက် အခြေအနေ

မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းငလျင်နောက်ပိုင်းမှာ ရန်ကုန်အိမ်ခြံမြေစျေးကွက် သိသိသာသာ အလုပ်ဖြစ်လာနေပါတယ်။

အဓိကအားဖြင့် ရန်ကုန်မှာ တိုက်ခန်း အငှားစျေးကွက်ဟာ အလုပ်ဖြစ်နေပြီး သင်္ကြန်အပြီးမှာဆိုရင် အိမ်ခန်းငှားခတွေပါ စျေးတွေတက်လာနေပါတယ်။ မြို့နယ်အချို့မှာ တိုက်ခန်း ငှားရမ်းခတွေ (၅) သောင်း မှ သိန်းကျော် အထိ စျေးတက်လာနေတာပါ။

ဒီနှစ်တွေအတွင်း ပြည်တွင်းရေး မတည်ငြိမ်မှုတွေ ရန်ကုန်ကို ပြောင်းရွှေ့လာသူတွေ များလာနေကာ စမ်းချောင်း၊ ကြည့်မြင်တိုင် မြို့နယ်တွေ မပြောနဲ့ ယခင်က သက်သာတဲ့စျေးနှုန်းနဲ့ ငှားရမ်းလို့ရနိုင်တဲ့ သင်္ကန်းကျွန်း၊ ဒေါပုံ၊ သာကတေတို့လို မြို့နယ်တွေရဲ့ တိုက်ခန်းငှားခတွေကပါ သိသိသာသာ တက်လာနေပြီဖြစ်ပါတယ်။

ဒါ့အပြင် အထပ်မြင့် တိုက်ခန်းနေထိုင်သူတွေကလည်း ငလျင်စိုးရိမ်မှုကြောင့် ၎င်းတို့နေထိုင်နေတဲ့ တိုက်ခန်းတွေကို ရောင်းချပြီး မြေကွက် (သို့) အိမ်အပါ ခြံတွေကို ဝယ်ယူမှုတွေလည်း များပြားလာပါတယ်။

ဒီဘက်နှစ်တွေမှာတော့ လူမှုကွန်ယက်ကနေ ပိုစ့်တင်ပြီး အိမ်ခြံမြေ တိုက်ခန်းရောင်းချတဲ့ အွန်လိုင်းပွဲစားတွေထက်စာရင် တရားဝင် လုပ်ငန်းလိုင်စင်ရှိတဲ့ အိမ်ခြံမြေအေးဂျင့်တွေက ပိုမို အလုပ်ဖြစ်လာနေပါတယ်။

အဆက်အသွယ်တွေက တစ်ဆင့် ရောင်းသူ ဝယ်သူ အပြင်မှာ ထိပ်တိုက်တွေ့ဆုံကြပြီး စျေးစကားပြောမှု၊ စာရွက်စာတမ်း စစ်ဆေး အရောင်းအဝယ်လုပ်မှုတွေ ပိုများလာတာဟာ ၂၀၂၅ ခုနှစ်ထဲမှာ သိသိသာသာ ပြောင်းလဲလာမှုဖြစ်ပါတယ်။

ကျပ်သိန်း ၃၀၀၀ ကနေ သိန်း ၅၀၀၀ ကြား မြေကွက်တွေဟာ အရောင်းအဝယ်ဖြစ်မြန်ပြီး ရန်ကုန် မြို့နယ်စုံက တိုက်ခန်းတွေဆိုရင်လည်း အငှားအရမ်း သွက်တဲ့ အခြေအနေဖြစ်တယ်လို့ ဝါရင့် အိမ်ခြံမြေအကျိုးဆောင်တွေထံက သိရတာဖြစ်ပါတယ်။