အက်သလက်တီကို ကွင်းလယ်လူ ဆောကို ယူရို သန်း ၈၀ လောက်နဲ့တင် ခေါ်ယူနိုင်မယ့် ယူနိုက်တက်

စပိန်အခြေစိုက် သတင်းဌာနတွေက ယူနိုက်တက်ဟာ အက်သလက်တီကိုမှ စပိန်သား ကွင်းလယ်လူဖြစ်တဲ့ ဆောနီဂွက်စ်ကို ခေါ်ယူဖို့ နီးစပ်တဲ့ အနေအထားကို ရောက်နေပြီလို့ ဖော်ပြလာကြပါတယ်။

ယူနိုက်တက်က ဆောအတွက် ယူရို သန်း ၈၀ ဝန်းကျင်ပဲ ပေးရမယ်လို့ သိရပြီး ဒါကလည်း ကိုဗစ်ကပ်ဘေးမှာ ကစားသမား တန်ကြေးတွေ ကျဆင်းခြင်းကြောင့်လို့လည်း သိရတယ်။ အပြောင်းအရွှေ့အတွက် နီးစပ်တဲ့ အနေအထားဖြစ်ပေမယ့် လက်မှတ်ထိုးမှုနဲ့ တရားဝင် ခေါ်ယူမှုတွေကို ရာသီကုန်မှ လုပ်နိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်လူသစ်အတွက် ရှာဖွေနေတာဖြစ်ပြီး ဂရီလစ်၊ ဆောတို့လို ကစားသမားတွေနဲ့ သတင်းတွေ ထွက်ထားပါတယ်။ စပိန်သားဟာ အက်သလက်တီကိုနဲ့ ပေါင် သန်း ၁၅၀ တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေ ပိုင်ဆိုင်ထားပေမယ့် ယူနိုက်တက်က ယူရို သန်း ၈၀ လောက်နဲ့တင် ခေါ်ယူနိုင်မယ်လို့ သိရပါတာပါ။

ယူနိုက်တက် တိုက်စစ်သမားဟောင်းကြီး ပေါ့အင့်က ပြိုင်ဘက်ကြီးတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးနဲ့ နှိုင်းယှဉ်ရင် ယူနိုက်တက်မှာ ကျဆင်းနေတဲ့ ဂုဏ်တွေအတွက် ဆောနီဂွက်စ်ကို ခေါ်ယူဖို့ တောင်းဆိုထားဖူးပါတယ်။ ယူနိုက်တက်မှာ ပရိသတ်တွေက ဟီးရိုးအဖြစ် ယုံကြည်ရတဲ့ ကစားသမား နည်းပါးနေတာပါ။ ဖာနန်ဒက်စ်က ပရိသတ်တွေ အချစ်တော် ဖြစ်လာခဲ့ပေမယ့် သူ့လို နောက်ထပ် ကစားသမားမျိုး ထပ်မံ အင်အားဖြည့်ဖို့ ပေါ့အင့်က တောင်းဆိုတာဖြစ်တယ်။

ပြီးခဲ့တဲ့ ၂ ရာသီ ၃ ရာသီအတွင်းမှာ ဆောနီဂွက်စ်ရဲ့ ခြေစွမ်းက တည်ငြိမ်မှုရှိခဲ့ပြီး ယူနိုက်တက်ကွင်းလယ်မှာ ကစားကွက် တည်ဆောက်သူအဖြစ် ပါဝင်ပေးနိုင်မှာဖြစ်ကာ သွင်းဂိုးကောင်းတွေလည်း သွင်းယူပေးနိုင်မယ့် အနာဂတ်ကောင်းတွေကိုလည်း ပိုင်ဆိုင်ထားသူအဖြစ် ပရိသတ်တွေကြားမှာ ထောက်ခံမှုတော့ ရထားပါတယ်။




