ပြည်တွင်းဖလားတစ်လုံး လမ်းကြောင်း ပိုပီပြင်လာတဲ့ နိုင်ပွဲ – နောဝစ်ချ် ၁-၂ ယူနိုက်တက်
ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ မန်ယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲမှာ ကစားပုံသိပ်မကောင်းခဲ့ပေမဲ့လည်း နောဝစ်ချ်အသင်းကို အချိန်ပိုအထိ ကစားခဲ့ပြီး ၁-၂ဂိုးနဲ့အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ဇယားအောက်ဆုံးကို ရောက်နေပြီး တန်းဆင်းရဖို့က သေချာသလောက်ကိုဖြစ်နေတဲ့ နောရစ်ချ်အသင်းဟာ ဒီပွဲမှာတော့ လူစုံတတ်စုံနဲ့ ယူနိုက်တက်ကို ရင်ဆိုင်လာခဲ့ပြီး ပွတ်ကီ ကန့်ဝဲလ် ဂေါ့ဖ်ဖရီ မက်စ်အာရွန်စ် မက်ကလင်းတို့လို ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ရှက်ဖီးကို အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကို (၈)နေရာလောက် ပြောင်းလဲခဲ့ပြီး အီဂါလို လင်ဂတ် ဖာနန်ဒက်စ် မာတာ ဖရက်ဒ် တွမ်မီနေး လုခ်ရှော ဘိုင်လီ မက်ဂွိုင်းယား ဒါလော့နဲ့ ရိုမဲလ်ရိုးတို့ကို သုံးစွဲလာခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန်တွေအတွင်းမှာ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှုအသာ တိုက်စစ်ဆင်မှုအသာ ရခဲ့တယ်ဆိုပေမယ့် တိုက်စစ်ဆင်မှုတွေက ရိုးစင်းပြီး ထိရောက်မှုမရှိခဲ့သလို အိမ်ရှင်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကတောင် ပိုထိရောက်ကောင်းမွန်ခဲ့ပါတယ်။ ပထမပိုင်းတော့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။
ဒုတိယပိုင်းပြန်လည်စတင်ပြီး (၆)မိနစ်ခန့်အကြာမှာ ယူနိုက်တက်အသင်းအတွက် လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပြီး တိုက်စစ်မှူးအီဂါလိုက ဧရိယာအတွင်းထဲမှာ အဆုံးသတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကတော့ အီဂါလိုအတွက် ဒီရာသီ အက်အေဖလားပြိုင်ပွဲအတွင်း တတိယမြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ပွဲချိန်(၇၅)မိနစ်အရောက်မှာတော့ ပွဲကိုပြန်စိုးမိုးလာတဲ့ အိမ်ရှင်အသင်းက ကန့်ဝဲလ်ရဲ့အဝေးကန်ချက်နဲ့ ချေပဂိုးကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ချေပဂိုးပေးလိုက်ရပြီးနောက်ပိုင်း ယူနိုက်တက်က မာတစ်နဲ့ပေါ့ဘာတို့ကို ထည့်သွင်းလာခဲ့ကာ ပွဲကပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး ဒုတိယပိုင်းပြီးခါနီး နောရစ်ချ်ဘက်က ကစားပုံကြမ်းတမ်းခဲ့တဲ့ နောက်ခံလူ ကလိုဆေး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ (၁)ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပိုမိနစ်(၃၀) ဆက်လက်ကစားရာ နောရစ်ချ်ရဲ့တစ်သင်းလုံးပိတ်ဆော့နေတဲ့ ခံစစ်ကစားပုံကြောင့် ဂိုးရဖို့က ခဲယဉ်းနေခဲ့ရပြီး (၁၁၈)မိနစ်အရောက်မှာ မက်ဂွိုင်းယားက အနိုင်ဂိုးသွင်းယူခဲ့လို့ ဆီမီးဖိုင်နယ်ကို တတ်ရောက်သွားခဲ့ရပါတယ်။