ယူနိုက်တက်က တစ်ရာသီ ဖလား နှစ်လုံး သုံးလုံးယူနိုင်ပြီလို့ ရက်ဖို့ဒ် ကြုံးဝါး
Unicode
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကတော့ အသစ် ခေါ်ယူလိုက်တဲ့ ကာဗာနီကြောင့် ယူနိုက်တက် တိုက်စစ် အင်အားဟာ အရမ်းကောင်းနေပြီ ဖြစ်တာကြောင့် အသင်းဟာ တစ်ရာသီ ဖလား နှစ်လုံး သုံးလုံးလောက်ပါ ယူနိုင်ပြီလို့ ယုံကြည်နေပါတယ်။
ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကို မစွန့်ခွာမီ ၃၀၁ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀၀ အထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကို ကာဗာနီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က “တိုက်စစ်ပိုင်းအနေနဲ့ကတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တစ်စုံတခုပါပဲ”
“သူ ကွင်းထဲဝင်လာပြီး ဂိုးတွေသွင်းယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ကို ပွဲစဉ်တွေအနိုင်ရပြီး အမှတ်တွေရအောင် ကျိန်းသေကူညီပေးနိုင်မှာမို့လို့ပါ”
“သူက ကျွန်တော်တို့အတွက် ဒီရာသီမှာ ကြီးကျယ်တဲ့ကစားသမားဖြစ်လာမှာပါ။ တစ်ရာသီအတွင်းမှာ ဆုဖလား ၂ လုံး၊ ၃ လုံးအနိုင်ရရှိဖို့အတွက် ခင်ဗျားမှာ လူစာရင်းလိုပါတယ်။ ခင်ဗျားမှာ အပတ်တိုင်းဂိုးသွင်းယူနိုင်တဲ့လူမရှိဘူးဆိုရင် အဲဒါက မဖြစ်နိုင်ပါဘူး။ အသင်းမှာ တိုက်စစ်မှူး ၃ ဦး၊ ၄ ဦးလောက်မှ မရှိရင်လည်း မဖြစ်နိုင်ပါဘူး”
“မန်ချက်စတာယူနိုက်တက်မှာ အမြဲတမ်း ဘယ်အချိန်မဆိုဂိုးသွင်းယူနိုင်တဲ့ တိုက်စစ်မှူး ၄၊ ၅ ဦးလောက် ရှိခဲ့တာပါ။ ကျွန်တော်တို့ အဲဒီလောက် တိုက်စစ်မှူးများများရှိလာလေ ကျွန်တော်တို့မှာရှိတဲ့ တောင့်တင်းမှုက ပိုများလေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။