အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ရီနာတိုဆန်းချက်စ် အတွက် လိုင်လီ တန်ကြေး သတ်မှတ်

လိုင်လီအသင်းနဲ့အတူ ပြင်သစ်လီဂူးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းအတွက် အထူးခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားလေး ရီနာတိုဆန်းချက်စ်ကို ဥရောပရဲ့ နာမည်ကျော် ကလပ်အသင်းများစွာကနေ ခေါ်ယူလိုနေကြတာကြောင့် လိုင်လီကတော့ တန်ကြေး သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက်(၂၃)နှစ် အရွယ် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ကျင်းပပြီးစီးသွားခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်တာကြောင့် ဘာစီလိုနာ လီဗာပူးလ်အသင်းတွေအပြင် အာဆင်နယ်အသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

ကလပ်အသင်းတွေများစွာ အလိုရှိနေကြတဲ့ အသင်းရဲ့ကစားသမား ဆန်းချက်စ်ကို လိုင်လီအသင်းဘက်ကနေလည်း ရောင်းချသွားဖို့ ဆန္ဒရှိလာခဲ့ပေမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ကမ်းလှမ်းလာမှသာ ရောင်းချသွားမယ်လို့ သိရှိရပါတယ်။

အာဆင်နယ်အသင်းဟာလည်း အသင်းရဲ့ဆွစ်ဇာလန် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ မလွယ်ကူတာကြောင့် ဒီကစားသမားကို လက်လွတ်ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ရီနာတိုဆန်းချက်စ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ကွင်းလယ်ပိုင်းမှာ သောမတ်စ်ပါတေးနဲ့ တွဲဖက်ကစားဖို့အတွက် ရီနာတို ဆန်းချက်စ်ကို အလိုရှိနေတာပါ။

ဒါပေမယ့် အာဆင်နယ်က ဒီနွေမှာ ဘရိုက်တန်အသင်းရဲ့ နောက်ခံကစားသမား ဘင်ဝှိုက်အပါအဝင် ကွင်းလယ်လူ လိုကွန်ဂါနဲ့ တာဗာရက်စ်တို့အတွက် စုစုပေါင်း ပေါင်သန်း(၇၀)ဝန်းကျင်လောက်အထိ သုံးစွဲထားရပြီး ကစားသမားအထွက်ဘက်ကနေ ဝင်ငွေတစ်စုံတစ်ရာလည်း မရရှိထားသေးတာကြောင့် ရီနာတိုဆန်းချက်စ်ကို ပေါင်သန်း(၃၀)နဲ့ ဝယ်ယူဖို့က ခက်ခဲနေပါတယ်။

ဆန်းချက်စ်ကို ဝယ်ဖို့ အာဆင်နယ်က ကစားသမားတချို့ကို အရင်ဆုံး ရောင်းချဖို့ လိုအပ်နေပြီး ဇာခါ၊ အန်ခီတာယက် ဝဲလော့ခ် မီလန်းနိုင်းစ်တို့လို ကစားသမားတွေနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေပါတယ်။