ဒီနွေမှာ ပေါ့ဘာကို ရောင်းရင်တောင် လုပ်ခ ၁၅ သန်းကို ပေးရဦးမှာ ဖြစ်လို့ နစ်နာမယ့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းကဟာ အသင်းပြောင်း သတင်းတွေထွက်နေတဲ့ ပေါ့ဘာကို နွေဈေးကွက်အတွင်းမှာသာ အသင်းကနေ တခြားအသင်း တစ်သင်းသင်းဆီကို ထွက်ခွာခွင့် ပြုလိုက်မယ်ဆိုရင်တောင် ယူနိုက်တက်ဘက်ကနေ ပေါ့ဘာအတွက် လက်ကျန်တစ်နှစ်စာ လုပ်ခအဖြစ် ပေါင်(၁၅)သန်းကို ဆက်လက်ပေးချေသွားရဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားချင်နေတာဖြစ်ပြီး တစ်ပတ်ကို ပေါင်(၄)သိန်းပေးကာ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ ကြိုးစားခဲ့ပေမယ့်လည်း ကစားသမားဘက်ကတော့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အခုထိကို ရေရေရာရာ မဆုံးဖြတ်ရသေးပဲ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့မလိုလို ယူနိုက်တက်နဲ့ပဲ သက်တမ်းတိုးမလိုလို ဝေခွဲမရ ဖြစ်နေပါတယ်။

ဒီလို အခြေအနေမှာ ယူနိုက်တက်အသင်းကလည်း ပေါ့ဘာနဲ့ပတ်သက်ပြီး တော်တော်ခေါင်းခဲရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပြီး ပေါ့ဘာကို အသင်းနဲ့ သက်တမ်းမတိုးနိုင်ဘူးဆိုရင် ဆုံးရှုံးစရာတွေနဲ့ ရင်ဆိုင်ရလာနိုင်ပါတယ်။

ပေါ့ဘာကို သူပြောင်းရွှေ့ချင်နေတဲ့ ကလပ်အသင်းတစ်ခုဆီ ရောင်းချလိုက်မယ်ဆိုရင် သူ့ကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူခဲ့စဉ်တုန်းက ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထက်ဝက်လောက်ကိုသာ ရရှိတော့မှာဖြစ်သလို ပေါ့ဘာအနေနဲ့ တရားဝင် အသင်းပြောင်းခွင့်ကို မတောင်းဆိုထားပဲ အသင်းကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် လက်ရှိ အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်စာ ကျန်ရှိနေသေးတဲ့အတွက် အဲ့ဒီတစ်နှစ်လုပ်ခကိုပါ ယူနိုက်တက်ဘက်ကနေ ဆက်လက် ပေးချေရဦးမယ်ဆိုတဲ့ သဘောတူထားတာကြောင့် ပေါ့ဘာကို တစ်နှစ်စာ ထပ်မံပေးချေရမှာ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ပဲ အသင်းမှာ လက်ကျန်တစ်ရာသီ ဆက်လက်ထားရှိဦးမယ်ဆိုရင်လည်း လာမယ့် ၂၀၂၂ နွေဈေးကွက်ထဲမှာ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံး သတင်းတွေအရတော့ ပေါ့ဘာဟာ ယူနိုက်တက်နဲ့ နွေဈေးကွက် ပြင်ဆင်မှုတွေ အားရနေတဲ့အပြင် ပြင်သစ်အသင်းဖော် ဗာရန်းနဲ့လည်း ကလပ်တစ်သင်းတည်းမှာ တွဲဖက်ကစားရတော့မှာဖြစ်လို့ ယူနိုက်တက်နဲ့ပဲ ဆက်လက် လက်တွဲနိုင်တယ်လို့ သိရှိရပါတယ်။