ရန်ကုန်ရှိ လျှပ်စစ် ဓါတ်တိုင်များပေါ်က ဝိုင်ဖိုင်ကြိုးများ ဖယ်ရှားရန် သတိပေးချက် ထုတ်

ရန်ကုန်တိုင်း နယ်နိမိတ်အတွင်းရှိ ဓါတ်တိုင်များပေါ်က ခွင့်ပြုချက်မရှိဘဲ သွယ်တန်းထားသည့် ဆက်သွယ်ရေးကြိုးများကို နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ဖယ်ရှားရန် ရန်ကုန်လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်းက အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်း နယ်နိမိတ်အတွင်းရှိ ဓါတ်တိုင်များပေါ်မှာ ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများကို ခွင့်ပြုချက် မရှိဘဲ သွယ်တန်းထားခြင်းများနဲ့ စပ်လျဉ်းပြီး ရန်ကုန် လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်းက အသိပေး ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရန်ကုန် လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်းပိုင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးတိုင်(ဓါတ်တိုင်)များပေါ်မှာ ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများကို ခွင့်ပြုချက်မရှိဘဲ တရားမဝင် သွယ်တန်းထားသည်ကို စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ထို့အတွက်ကြောင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ အနေနဲ့ တရားမဝင်သွယ်တန်းထားသော ကေဘယ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများကို နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ဖယ်ရှားပေးရန် အသိပေးထားကြောင်း သိရပါတယ်။

သတ်မှတ်ထားသည့် ရက်အတွင်း ဖယ်ရှားခြင်း မရှိသည့် ဖိုက်ဘာကေဘယ်ကြိုးများကို ကော်ပိုရေးရှင်းမှ ဖယ်ရှားသွားမည်ဖြစ်ကြောင်းနဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေများနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။