ချန်ပီယံလိဂ် ရှုံးထွက်မှာ မန်ယူ၊ မန်စီးတီးတို့ ရင်ဆိုင်ရဖွယ် ရှိတဲ့ ပြိုင်ဘက်အသင်းများ ရွေးထုတ်ခြင်း

မန်ချက်စတာနှစ်သင်း ဖြစ်တဲ့ မန် ယူနိုက်တက်ရော၊ မန်ချက်စတာစီးတီးပါ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်လို့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို သက်သောင့်သက်သာနဲ့ ကစားနိုင်သွားပြီဖြစ်ပါတယ်။

ဒါကြောင့် ဒီတပတ် (လိုက်ပ်ဇစ်၊ ယန်းဘွိုင်းစ်တို့နဲ့ ပွဲစဉ်) ရလဒ်တွေက မန်ချက်စတာနှစ်သင်းအတွက် အရေးမပါတော့ပါဘူး။ ၁၆ သင်း အဆင့်မှာ ကစားရမယ့် ပွဲစဉ်တွေကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ စီးတီးက ညက လိုက်ပ်ဇစ်ကို ရှုံးသော်လည်း အုပ်စု ပထမ ရခဲ့တာပါ။

ဒီတော့ လာမယ့်ရှုံးထွက်အဆင့်မှာ ယူနိုက်တက်နဲ့ စီးတီးတို့ ဘယ်အသင်းတွေနဲ့ ရင်ဆိုင်ရနိုင်လဲ။ မန်ချက်စတာ နှစ်သင်းစလုံး သူတို့အုပ်စုတွေမှာ အဆင့် ၁ တွေပဲရခဲ့တာဖြစ်လို့ တခြားချန်ပီယံလိဂ် အုပ်စုတွေက အဆင့် ၂ အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် UEFA ရဲ့ စည်းမျဉ်းတွေအရ တစ်အုပ်စုတည်းဖြစ်ခဲ့ဲတဲ့အသင်း၊ နိုင်ငံတူ အသင်းတွေ ဖြစ်လို့မရပါဘူး။ တစ်ဖက်က အုပ်စု H မှာကလည်း ချဲလ်ဆီးအသင်းက အုပ်စု ဒုတိယဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။

ဗုဒ္ဓဟူးညမှာကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်တွေပြီးရင်တော့ ၁၆ သင်း အဆင့်မှာ မန်ယူ နဲ့ မန်စီးတီးတို့ ရင်ဆိုင် ရနိုင်မယ့် အသင်းတွေက အများဆုံး ၇ လောက်သာ ကျန်တော့မှာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အသင်းတွေဟာ အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ကစားရပြီး ဒီရာသီမှာတော့ ပထမဆုံးအကြိမ် အဝေးဂိုးစည်းမျဉ်းကို ပယ်ဖျက်လိုက်ပြီပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ရင်ဆိုင်ရနိုင်တဲ့အသင်းများ

လက်ရှိမှာ အဆင့် ၂ သေချာသွားတဲ့ အသင်း ၂ သင်းသာရှိသေးပြီး မန်ယူ နဲ့ တစ်အုပ်စုတည်း အသင်းတွေဖြစ်တဲ့ ဗီလာရီးရဲလ် ၊ အတ္တလန္တာတို့နဲ့တော့ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ ယူနိုက်တက်တို့ ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရနိုင်အသင်း လက်ရှိမှာ ၁၄ သင်းရှိနေပါတယ်။

  • ပီအက်စ်ဂျီ (အုပ်စု A ရဲ့ ဒုတိယ အတည်ပြု)
  • ပေါ်တို၊ အေစီမီလန် နဲ့ အက်သလက်တီကို ( အုပ်စု B ရဲ့ ဒုတိယဖြစ်နိုင်)
  • စပို့တင်းလစ္စဘွန်း ( အုပ်စု C ရဲ့ ဒုတိယ အတည်ပြု)
  • ရီးရဲလ်မက်ဒရစ် (သို့မဟုတ်) အင်တာမီလန် (အုပ်စု D ရဲ့ ဒုတိယဖြစ်နိုင်)
  • ဘာစီလိုနာ (သို့မဟုတ်) ဘင်ဖီကာ (အုပ်စု E ရဲ့ ဒုတိယဖြစ်နိုင်)
  • လိုင်လီ၊ ဆဲလ်ဘတ်၊ ဆီဗီလာ နဲ့ ဝုဗ်ဘတ် (အုပ်စု G ရဲ့ ဒုတိယဖြစ်နိုင်)
  • ဂျူဗပ်တပ်စ် (အုပ်စု H ရဲ့ ဒုတိယဖြစ်နိုင်)

မန်ချက်စတာစီးတီး ရင်ဆိုင်ရနိုင်တဲ့ အသင်းများ

လက်ရှိအချိန်မှာတော့ ဒုတိယရတဲ့ အသင်းတွေထဲက ပီအက်စ်ဂျီတစ်သင်းသာ နောက်တစ်ဆင့်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ဖို့ မလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၆ သင်းရှုံးထွက်အဆင့်မှာတော့ စီးတီးတို့ ရင်ဆိုင်ရနိုင်တဲ့ အသင်းတွေက စုစုပေါင်း ၁၅ သင်းရှိပါတယ်။

  • ပေါ်တို၊ အေစီမီလန် နဲ့ အက်သလက်တိကို (အုပ်စု B ဒုတိယဖြစ်နိုင်)
  • စပို့တင်းလစ္စဘွန်း (အုပ်စု C ဒုတိယအတည်ပြု)
  • ရီးရဲလ်မက်ဒရစ် (သို့မဟုတ်) အင်တာမီလန် (အုပ်စု D ဒုတိယဖြစ်နိုင်)
  • ဘာစီလိုနာ (သို့မဟုတ်) ဘင်ဖီကာ (အုပ်စု E ဒုတိယဖြစ်နိုင်)
  • ဗီလာရီးရဲလ် (သို့မဟုတ်) အတ္တလန္တာ (အုပ်စု F ဒုတိယဖြစ်နိုင်)
  • လိုင်လီ၊ ဆဲလ်ဘတ်၊ ဆီဗီလာ နဲ့ ဝုဗ်ဘတ် (အုပ်စု G ဒုတိယဖြစ်နိုင်)
  • ဂျူဗင်တပ်စ် (အုပ်စု H ဒုတိယဖြစ်နိုင်)

နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကိုတော့ ဒီဇင်ဘာ ၁၃ ရက်နေ့ တနင်္လာနေ့ ယူကေအချိန် နေ့လည် ၁၁ နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ၁၆ သင်းအဆင့် ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါနဲ့ မတ်လထဲမှာ ကစားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ မှာ စတင်ပြီး မတ်လ ၁၆ ပြီးဆုံးမှာ ဖြစ်ပါတယ်။