အာဆင်နယ်အတွက် ပွဲဦးထွက်မှာ ဂိုးသွင်းပေးခဲ့တဲ့ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်လေး ချာလီပါတီနို
အာဆင်နယ် အသင်းက ဆန်းဒါးလန်းအသင်းကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင် ကစားပေးခဲ့တဲ့ ချာလီ ပါတီနိုဟာ ၎င်းရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်ကစားသမားဘဝရဲ့ စီနီယာသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နကီးတီးယားရဲ့ ဟက်ထရစ်၊ ပေပေ၊ ချာလီ ပါတီနိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ကာရာဘောင်း ဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် ချာလီဟာ ပွဲကစားချိန်ပြည့်ဖို့ ၁၀ မိနစ်အလိုမှ အရန်ခုံကနေ လူစားဝင် ကစားပေးခဲ့တာ ဖြစ်ပေမယ့် နာကျင်အချိန်ပိုမှာ ပေပေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး အာဆင်နယ် အသင်း အတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ပါတီနိုဟာ အာဆင်နယ်အသင်းရဲ့ ရွှေဖလား ရရှိခဲ့တဲ့ ၂၀၀၃-၂၀၀၄ ရာသီအစ ၂ လမြောက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသင်းရဲ့ လူငယ်အသင်းနည်းပြတွေရဲ့ မြင့်မားတဲ့ အလားအလာရှိသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၂၀၁၅ ခုနှစ်မှာ အသက် ၁၁ နှစ်အရွယ်သာရှိသေးတဲ့ ချာလီ ပါတီနိုအတွက် လူတန်အသင်းကို ပေါင် ၁ သောင်း ပေးချေခဲ့ရတာဖြစ်ပြီး ချာလီ ပါတီနို ဟာ လက်ရှိ အင်္ဂလန်ယူ-၁၉ အသင်းအတွက် ကစားပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။
ဂါးဒီယန်း သတင်း ရဲ့ ၂၀၁၅ ခုနှစ်က ဖော်ပြချက်အရ ပါတီနိုဟာ စပါးစ်နဲ့ ချဲလ်ဆီးအသင်းအပြင် မန်ချက်စတာ စီးတီး အသင်းဆီကနေပါ အာရုံစိုက်မှုကို ရရှိခဲ့ပေမယ့် ၎င်းရဲ့ စိန့် အယ်လ်ဘန်းစ်က နေအိမ်ဟာ အာဆင်နယ်ရဲ့ လေ့ကျင့်ရေး ကွင်းနဲ့ မလှမ်းမကမ်းမှာ ရှိနေတာက ဟေးလ် အမ်းအကယ်ဒမီမှာ ကစားသမားဘဝကို တိုးတက် အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်မှာ အဓိက တချက် ဖြစ်စေခဲ့ပုံပါ။
ဆန်းဒါးလန်းအသင်းကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အာဆင်နယ်နည်းပြ အာတီတာက ချာလီ ပါတီနိုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အလားအလာရှိသလောက် ကောင်းမွန်လာအောင် ကူညီပေးဖို့အတွက် လူငယ်ကြယ်ပွင့် ကစားသမားကို ကာကွယ်ရမှာက ၎င်းရဲ့အလုပ်ဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“လှပလိုက်တဲ့ အခိုက်တန့်ပါပဲ။ သူက ကျွန်တော်တို့ရဲ့ အကယ်ဒမီကနေ ထွက်လာတဲ့ ကလေးပါ။ ချစ်ဖို့ကောင်းတဲ့ ကလေးပါ။ သူက ကျွန်တော်တို့နဲ့ အပတ်တိုင်းနီးပါး လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ဒီပွဲမှာ ပွဲဦးထွက်အနေနဲ့ ပါဝင်က စားပေးခဲ့ပြီး ကျွန်တော်တို့ရဲ့ ပရိသတ်တွေရှေ့မှာ ဂိုးသွင်းယူခဲ့တာက အရမ်းကို ထူးခြားတဲ့ အခိုက်အတန့်ပါ”
“ကျွန်တော်တို့ အလွန်အကျွံ မြှောက်ပင့်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။ သူ့ရှေ့မှာ ယှဉ်ပြိုင်မှုတွေ အများကြီး ရှိနေသေးပြီး သူက တကယ်ကို ငယ်ရွယ်ပါသေးတယ်။ ပြီးတော့ သူ တစ်ဆင့်ချင်းစီ သွားဖို့ လိုအပ်ပါတယ်။ ဒီနေ့ သူ ကံကောင်းခဲ့ပါတယ်။ သူ ရလာတဲ့ အခွင့်အရေးကို တကယ်ကောင်းကောင်း ဆုပ်ကိုင်နိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။