အာဆင်နယ်ကနေ ရင်နာနာနဲ့ ထွက်ခဲ့ရပါပြီလို့ ဝမ်းနည်းစွာ နှုတ်ဆက်သွားတဲ့ အူဘာမီယန်း
ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာပဲ အာဆင်နယ်အသင်းနဲ့ စာချုပ် ဖျက်သိမ်းကာ အသင်းကနေ ထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းကတော့ သူ့အပေါ် ပြုမူခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အပြုအမူကြောင့် နာကျင်မိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး နှုတ်ဆက် စကား ဆိုခဲ့ပါတယ်။
သူ့အနေနဲ့ အာဆင်နယ်အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်ခဲ့ပေမယ့် ခုတော့ အရာအားလုံး ပြီးသွားခဲ့ပြီဖြစ်တယ်လို့ ဂါဘွန်သားက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ရတာနဲ့ပတ်သက်ပြီး အူဘာမီယန်းက “အာဆင်နယ်အသင်းမှာ ဖလားတွေရယူနိုင်ဖို့ အခွင့်အရေးရှိခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ရှိခွင့်ရခဲ့တာကို ကျွန်တော့်နှလုံးသားထဲမှာ အမြဲ သိမ်းသွားမှာပါ။
ကျွန်တော် အသင်းအတွက် ရာနှုန်းပြည့် အာရုံစိုက်ခဲ့ပြီး လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်၊ အဲဒီတော့ အခုလိုပဲ တိတ်တဆိတ်ထွက်ခွာရတာက ကျွန်တော့်ကို နာကျင်စေပါတယ်။
ဒါပေမယ့် ဒါဟာ ဘောလုံးပါပဲ၊ ပြီးခဲ့တဲ့ အပတ်တွေတုန်းက ကျွန်တော့်အသင်းဖော်တွေကို ကူညီခွင့်မရတော့လို့ ဝမ်းနည်းမိခဲ့ပြီး ကျွန်တော် ကတော့ ဘာမှပြန်မရခဲ့ပါဘူး။
ဒါပေမယ့် အသင်းအပေါ် ကျွန်တော်လေးစားနေဆဲဖြစ်ပြီး ကျွန်တော့် အပေါ် ချစ်ခဲ့တဲ့ ပရိသတ်တွေရော အသင်းရော နှစ်သစ်မှာ အောင်မြင်မှုတွေရပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်”လို့ နှုတ်ဆက်စကား ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
အသက်၃၂ နှစ်အရွယ် ကစားသမားအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ အာဆင်နယ်အသင်းအတွက် နောက်ဆုံး ကစားခဲ့တာဖြစ်ပြီး အဲဒီပွဲအပြီးမှာပဲ ခွင့်ပြုချက်မရှိဘဲ ခရီးသွားကာ ထရိန်နင် ပျက်ကွက်ခဲ့တာကြောင့် အသင်းနဲ့ ဆက်ဆံရေး ပြိုကွဲခဲ့ရပါတယ်။
အူဘာမီယန်းဟာ အသင်းခေါင်းဆောင်လက်ပတ် ရုတ်သိမ်းခံခဲ့ရသလို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အထိ အာဆင်နယ် နည်းပြ အာတီတာအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အင်္ဂါနေ့မှာပဲ အူဘာမီယန်းနဲ့ စာချုပ် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေငြာသွားခဲ့တာဖြစ်ပြီး အူဘာမီယန်း တစ်ယောက် ဘာစီလိုနာအသင်းထံ အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွှေ့သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဘာစီလိုနာဘက်က အတည်ပြု မကြေငြာသေးပါဘူး။