အလာဗက်ဇ်ကို ခေါ်ယူထားပေမယ့် တိုက်စစ်အတွက် ဟာလန်းကို ထပ်ခေါ်ဦးမယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ ဒီနွေမှာ ဒေါ့မွန်အသင်းမှ တိုက်စစ်သမား ဟာလန်းကို ခေါ်ယူဖို့ ရည်ရွယ်ကြီးကြီးမားမား ထားရှိလာပြီဖြစ်ကြောင်း The Athletic က ဖော်ပြလာပါတယ်။

ရာသီကုန်မှာတော့ ဟာလန်းကို ပေါင် ၆၈ သန်းဖြင့် ခေါ်ယူနိုင်ခွင့် ပါဝင်တဲ့ စာချုပ်ပါ သဘောတူညီမှု စတင် အသက်ဝင်မှာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ဥရောပကလပ် များစွာက သဘောကျနေပြီး စပိန်ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် အပြင် ပရီးမီးယားလိဂ် ကလပ်တွေကလည်း စိတ်ဝင်စားနေတာပါ။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားရဲ့ ဂုဏ်သတင်း ကျောဇာမှုဟာ ပိုပြီး အရှိန်ကောင်းလာနေကာ သူဟာ ဒီရာသီမှာ ဒေါ့မွန်အတွက် ပွဲ ၂၀ ကစားပြီး ၂၃ ဂိုး သွင်းယူပေးထားနိုင်တာ ဖြစ်ပါတယ်။

ဒေါ့မွန်ကနေ ဟာလန်းကို ခေါ်ယူရေး ရီးရဲလ်မက်ဒရစ်က ပိုပြီး ရေပန်းစားပေမယ့်လို့ မက်ဒရစ်အခြေစိုက် ကလပ်ဟာ ပီအက်စ်ဂျီအသင်းမှ ပြင်သစ်သား တိုက်စစ်သမား အမ်ဘာပေးကို ခေါ်ယူဖို့ အကြို သဘောတူညီထားပြီလို့ အသံထွက်နေတယ်။ ဘာပေးက ဒီနွေမှာ ပီအက်စ်ဂျီကနေ အလွတ်ဖြင့် ထွက်ခွင့်ရမှာဖြစ်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ ကာလရှည် စိတ်ဝင်စားခြင်းကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

The Athletic ကတော့ ဟာလန်းကို ခေါ်ယူဖို့ မန်စီးတီးက စတင်လှုပ်ရှားလာတဲ့ အခြေအနေဖြစ်ကာ နော်ဝေသားက ဘာနေဗျူးကို မျက်စိကျနေပေမယ့်လို့ နွေမှာ ကမ်းလှမ်းမှု ပေးနိုင်ရေး မန်ချက်စတာကလပ်က ကြိုးစားမယ်လို့ ဆိုပါတယ်။ လာမယ့် လတွေအတွင်း ကြိုးစားမှုတွေက ဟာလန်းရဲ့ အာရုံကို ပြောင်းလဲနိုင်ဖို့ မန်စီးတီးက မျှော်လင့်နေပါတယ်။

စီးတီးဟာ ရေးဗားပလိတ်မှ တိုက်စစ်သမား ဂျူလီယန် အလာဗက်ဇ်အတွက် ပေါင် ၁၇ သန်းသုံးပြီး ခေါ်ယူမှု ပြီးမြောက်ထားပါပြီ။ ဒါပေမယ့်လို့ စီးတီးရဲ့ တိုက်စစ်ကို ဦးဆောင်ဖို့ အလာဗက်ဇ်ကို အချိန်ပေးရမှာဖြစ်ပြီး အဂွယ်ရိုလို ကလပ်စံချိန်တင် တိုက်စစ်သမားနေရာ အစားထိုးဖို့ ဟာလန်းကို ဦးစားပေးနေတာပါ။

ရာသီစတုန်းက မန်စီးတီးဟာ စပါးတိုက်စစ်သမား ဟယ်ရီကိန်းကို ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လက်ရှိ တိုက်စစ်မှာ ဖိုဒန်၊ ဒီဘရိုင်း၊ ဂရီလစ်၊ စတာလင်တို့ ရှိနေပေမယ့် မန်စီးတီးဟာ အထောင်တိုက်စစ်သမားစစ်စစ် တစ်ဦးကို အင်အားဖြည့်ဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။