မန်စီးတီးက အာဆင်နယ်တိုက်စစ်သမား ဆာကာကို စောင့်ကြည့်နေခြင်း အကြောင်းရင်း

လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ အာဆင်နယ်မှာ တိုက်စစ်သမား ဆာကာရဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်သား တိုက်စစ်သမားဟာ ဒီရာသီမှာ ဂန်းနားတို့အတွက် ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦးဖြစ်ကာ ပရီးမီးယားလိဂ်ပွဲ ၂၁ ပွဲမှာ ကိုယ်တိုင် ၆ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ သူ့ရဲ့ ထူးချွန်တဲ့ ခြေစွမ်းဟာ အင်္ဂလန်ထိပ်သီးကလပ်တွေကို မျက်စိကျစရာ ဖြစ်လာနေစေတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ အဆင့် ၄ နေရာအတွက် ယူနိုက်တက်၊ ဝက်ဟမ်း၊ တော်တင်ဟမ်တို့ဖြင့် ယှဉ်ပြိုင်နေရတာဖြစ်တယ်။ အာဆင်နယ်အသင်း အဆင့် ၄ မဝင်ခဲ့ရင် ဆာကာက လန်ဒန်ကလပ်နဲ့ စာချုပ်သစ် မချုပ်ဘဲ အသင်းသစ်ထံ ကူးပြောင်းလိုမလား အခြေအနေကို လီဗာပူးနဲ့ မန်စီးတီးတို့ စောင့်ကြည့်နေကြခြင်း ဖြစ်ပါတယယ်။

ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်မှုဖြစ်ရပ်နောက်ပိုင်း ဆာကာဟာ ပိုပြီး ရင့်ကျက်တဲ့ ကစားသမားအဖြစ် ခြေစွမ်းပြလာခဲ့တယ်။ ဆာကာဟာ အာဆင်နယ်နဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိတာဖြစ်ကာ ဒီရာသီမှာ လန်ဒန်ကလပ် ချန်ပီယံလိဂ်မဝင်လို့ ၆ ရာသီဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲမယ်ဆိုရင် စာချုပ်သစ်ကိစ္စဟာ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဥရောပ ထိပ်တန်းကစားသမားတွေကို ခေါ်ယူရေး မခက်ခဲပေမယ့်လို့ နှစ်သင်းလုံးဟာ Homegrown ကစားသမားပိုင်း လိုအပ်ချက်အတွက် ပြင်ဆင်မှုတွေ ရှိလာနေတာပါ။

မန်စီးတီးဟာ ဂိုးသမား ကာဆန် အပါမှ Homegrown သမား ၆ ဦးပဲရှိတာဖြစ်ကာ သူတို့ထဲက တစ်ဦးဖြစ်တဲ့ အကီကိုလည်း နွေမှာ ရောင်းထုတ်ဖွယ် ရှိနေတာပါ။ ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာ ပြင်ပကစားသမားတွေကို အများဆုံး ၁၇ ဦးပဲ ထည့်ခွင့်ပေးတာကြောင့် Homegrown ကစားသမားက ၈ ဦးထိ ထည့်သွင်းဖို့ လိုအပ်နေတာဖြစ်တယ်။

မန်စီးတီးဘက်က နွေမှာ ဆာကာကို ခေါ်ယူခြင်းနဲ့အတူ လာမယ့်ရာသီတွေမှာ ကလပ်အသင်း လိုအပ်လာမယ့် Homegrown စာရင်းအတွက် ပြင်ဆင်မှုတွေ လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အာဆင်နယ် ကိုယ်တိုင်ကလည်း ဆာကာကို လက်မှတ်ထိုးရေးကို ကလပ်ရဲ့ ဦးစားပေး ကိစ္စအဖြစ် ရွေးချယ်ထားခြင်းဖြစ်ကာ ရိုဝီ၊ မာတင်နယ်လီတို့နဲ့အတူ အင်္ဂလန်သားကို ဆက်ထိန်းနိုင်ရေး ကြိုးစားလာဖို့ ရှိနေတာဖြစ်ပါတယ်။