မန်စီးတီးညံ့လို့ စပါးကို ရှုံးရတာ မဟုတ်ပါဘူးလို့ ဂွာဒီယိုလာ တုန့်ပြန်

စပါးကို အိမ်ကွင်းမှာ ၃-၂ ဖြင့် အရေးနိမ့်ခဲ့တဲ့ ပွဲအပြီး မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပွဲအပေါ် သုံးသပ်မှုတွေ ပြုလုပ်သွားခဲ့တယ်။

၎င်းကတော့ မန်စီးတီးက ကစားပုံကောင်းခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် စပါးဂိုးသမားနဲ့ ခံစစ်က ကာကွယ်ပုံ ကျစ်လစ်ခဲ့တယ်လို့ ဆိုပါတယ်။ စပါးရဲ့ ကောင်တာတိုက်စစ်တွေမှာ စီးတီးရဲ့ ခုခံပုံ လိုအပ်ချက်တွေ ရှိခဲ့ခြင်းကလည်း ဒီပွဲ အရေးနိမ့်ရခြင်းရဲ့ အကြောင်းတရားတွေအဖြစ် ဂွာဒီယိုလာက မြင်ပါတယ်။

စီတီးမန်နေဂျာက ပြောရာမှာ “ သူတို့ဘက်ကို ကျနေ်ာတို့ ထိုးဖောက်လိုက်ပြီဆိုရင် စပါးက ခံစစ်မှာ အပြည့်အသိပ်နဲ့ ကျစ်ကျစ်လစ်လစ် ကာကွယ်ထားခဲ့တာက မယုံနိုင်စရာကောင်းပါတယ်။ ဟယ်ရီကိန်းက ဘောလုံး လုံးဝ မဆုံးရှုံးသလို ဆွန်၊ ကူလူဆပ်စကီးတို့ကလည်း တောင်ပံတွေကနေ ပြေးလွှားနိုင်စွမ်းတွေ ရှိပါတယ်။

ကျနော်တို့ ကစားခဲ့တာလည်း ကောင်းတယ် ထင်မိပါတယ်။ အခွင့်အရေး ဖန်တီးမှုတွေလည်း အများကြီး လုပ်နိုင်ခဲ့တယ်။ အသင်းနဲ့ပတ်သက်ပြီး ဘာအမှားမှ မမြင်မိပါဘူး။ ဘာလို့လည်းဆိုတော့ ကျနေ်ာတို့က အချိန်တိုင်း ကိစ္စမှန်တွေကို လုပ်နေခဲ့တာပါ။ ဒါပေမယ့်လို့ ဒီပွဲက ခက်ခဲခဲ့တယ်။

စပါးက ကျနော်တို့ မျှော်လင့်ထားတဲ့ အတိုင်းလည်း ကစားခဲ့တယ်။ ကစားကွက် တည်ဆောက်မှုတွေမှာ သူတို့တေါ သိပ်ကိုကောင်းသလို ကောင်တာတိုက်စစ်တွေမှာ ပြေးလွှားဖို့ နေရာလွတ်တွေကိုလည်း အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ယေဘုယျအားဖြင့်တော့ ကျနေ်ာတို့က တုန့်ပြန်ကစားဖို့ ကောင်းခဲ့ပြီး ပွဲကောင်းကို ကစားခဲ့ပါတယ်။

ကိန်းက ဘာတွေ လုပ်ပေးနိုင်တယ်ဆိုတာ လူတိုင်း သိပါတယ်။ ပထမဂိုးမှာ ပေးချက်ကို ကျနေ်ာတို့ရဲ့ ခုခံပုံက သိပ်ကို ဆိုးရွားခဲ့တယ်။ ဒါပေမယ့် ၁၀ မိနစ် ၁၅ မိနစ်အကြာမှာ ကျနေ်ာတို့ အခွင့်အရေးတွေ အများကြီးကို ဖန်တီးနိုင်ခဲ့ပါတယ်။ လိုရစ်ကလည်း သိပ်ကို ကောင်းခဲ့တယ်။ ကျနေ်ာတို့ ဂိုးသွင်းနိုင်ချေ အများကြီး ရှိခဲ့တာပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ အမှတ်ပေးဇယားမှာ လီဗာပူးထက် ၆ မှတ် အသာမှာ ရှိနေဆဲဖြစ်ကာ လက်ကျန် ရာသီမှာတော့ ပွဲကြီးအဖြစ် ယူနိုက်တက်၊ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၂ ပွဲပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။