မန်စီးတီးရဲ့ ဂန္တဝင် နံပါတ်ကို ဘာလို့ ငြင်းဆန်ခဲ့လဲ ရှင်းလင်း ပြောပြသွားခဲ့တဲ့ ဖိုဒန်
မန်စီးတီးရဲ့ တက်သစ်စ တိုက်စစ်ကြယ်ပွင့်သမားလေး ဖိုဒန်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး အဂွေရို ထွက်ခွာသွားပြီးနောက် ကျောနံပါတ် (၁၀) ကို ဆက်လက် ဝတ်ဆင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။
တိုက်စစ်မှူးဟောင်း အဂွေရိုဟာ မန်စီးတီးမှာ ကျောနံပါတ် (၁၀) ကို ဝတ်ဆင်ရင်း အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်တယောက်ဖြစ်ခဲ့သလို အောင်မြင်မှုများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဂွေရိုဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာတော့ အဂွေရိုက နှလုံးအားနည်းမှုဆိုင်ရာ ရောဂါကြောင့် ကစားသမားဘဝက အနားယူခဲ့ပါပြီ။ မန်စီးတီး အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်သလို ပရိသတ်တွေ အချစ်တော် ကစားသမားလည်းဖြစ်တဲ့ ဖိုဒန်ကတော့ အသင်းကနေ အဂွေရို ထွက်ခွာသွားချိန်မှာ သူ့ရဲ့ ကျောနံပါတ် (၁၀) ကို ဘာလို့ မဝတ်ဆင်ဖြစ်ခဲ့သလဲ ဆိုတဲ့ အပေါ် အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ဖိုဒန်က “ကျနော်လည်း ဒီအကြောင်းကို အများကြီး စဉ်းစားဖြစ်ခဲ့ပါတယ်။ ကျောနံပါတ် (၁၀) က အသင်းမှာ ကြီးမားတဲ့ နံပါတ်တခုပါ။ ဒါပေမယ့် ကျနော်က ကျောနံပါတ် (၄၇) နဲ့လည်း အမှတ်တရတွေ အများကြီးရှိတယ်လေ။ ဒီတော့ လက်ရှိ နံပါတ်ကိုပဲ ယူရင်း ကျနော့်ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ မန်စီးတီးရဲ့ ကျောနံပါတ် (၁၀) ကိုတော့ ပြီးခဲ့တဲ့ နွေရာသီမှာ အက်စတွန်ဗီလာကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂရီလစ်ရှ်က ဆက်လက် ဝတ်ဆင်ခဲ့ပါတယ်။
ဂရီလစ်ရှ်ဟာ မန်စီးတီးမှာ ခြေစွမ်းပြဖို့တော့ ရုန်းကန်နေရပြီး လက်တလောပွဲတွေမှာလည်း ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့် မရထားတာပဲဖြစ်ပါတယ်။