ဂိုးတွေ သွင်းလာအောင် ဖိတ်ခေါ်သလိုတောင် ဖြစ်ခဲ့တယ်လို့ စပါးနဲ့ ပွဲအပြီးမှာ ဂန်ဒိုဂန်ပြောဆို

စနေနေ့ည မန်စီးတီးအသင်းနဲ့ စပါးအသင်း တို့ရဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံလည်းဖြစ် အမှတ်ပေး ဇယား ထိပ်ဆုံးက အသင်းလည်းဖြစ်တဲ့ မန်စီးတီးအသင်းကို လတ်တလော ရလဒ်တွေ တောက်လျှောက် ဆိုးနေတဲ့ စပါးအသင်းက အဝေးကွင်းမှာ နိုင်ပွဲ ရယူသွားခဲ့ပါတယ်။

မန်စီးတီးဟာ အိမ်ကွင်းမှာ စပါးကို ဘောလုံးပြိုင်ဆိုင်မှုအသာ ထိုးဖောက်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ဘောလုံး ဆုံးရှုံးမှုတွေကနေ ဧည့်သည်အသင်းက အခွင့်အရေး ရယူနိုင်ခဲ့တာကြောင့် အခုလို ရှုံးနိမ့်ခဲ့ရတာ ဖြစ်တယ်လို့ စီးတီးရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂန်ဒိုဂန်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဂန်ဒိုဂန်က “ကျွန်တော်တို့တွေအနေနဲ့ ပွဲစဉ်အတွင်း ဘောလုံးတွေ ဆုံးရှုံးရတဲ့ အခါတိုင်းမှာ သတိထားရလိမ့်မယ်လို့ ပွဲမစတင်ခင် မှာကြာထားခဲ့တာကို ကျွန်တော် မှတ်မိနေသေးတယ်။

သွင်းဂိုး(၃)ဂိုးလုံးမှာလည်း သူတို့ကို ဂိုးသွင်းဖို့အတွက် ဖိတ်ခေါ်လိုက်သလို ဖြစ်သွားရတယ်လို့တောင် ခံစားမိခဲ့ရတယ်။ ကျွန်တော်တို့တွေက ဘောလုံးတွေကို လွယ်လင့်တကူနဲ့ကို ဆုံးရှုံးလိုက်ရပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ ဂန်ဒိုဂန်ဟာ စပါးနဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ပထမချေပဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပေမယ့် အသင်းက ဧည့်သည် စပါးအသင်းဘက်ကို အခွင့်အရေးတွေ ပေးခဲ့မိတဲ့အတွက် အခုလို ရှုံးနိမ့် သွားခဲ့ရတာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံမှာ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေပြီး တိုက်စစ်ကလည်း သွင်းဂိုးတွေမြူးနေတဲ့ မန်စီးတီးက အိမ်ကွင်း အီတီဟတ် မှာ စပါးအသင်းကို အရေးနိမ့်လိုက်ရချိန်မှာ အမှတ်ပေးဇယား ဒုတိယ နေရာက လီဗာပူးလ်အသင်းတို့ကြား ရမှတ် ကွာဟချက်တွေ ကျဉ်းမြောင်းသွားခဲ့ရတာကြောင့် ဒီရာသီရဲ့ အမှတ်ပေး ချန်ပီယံဆုအတွက် အားပြိုင်မှုတွေကို ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။