မန်စီးတီးကို ဂွာဒီယိုလာ စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြတဲ့ စီးတီးကစားသမားများ

မန်စီးတီး ကစားသမားတွေက လာမယ့်ရာသီ နောက်ပိုင်းမှာလည်း ဂွာဒီယိုလာဟာ သူ့ရဲ့ လက်ရှိ စာချုပ်ကို သက်တမ်းတိုးခြင်းဖြင့် အသင်းမှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်နေကြပါတယ်။

စပိန်သားမန်နေဂျာရဲ့ စာချုပ်ဟာ ၁၆ လပဲ ကျန်ရှိတော့တာဖြစ်တယ်။ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ သတင်းထူးတွေ အမျိုးမျိုး ထွက်ထားဖူးသလို ဂွာဒီယိုလာ ကိုယ်တိုင်က ကလပ်တစ်သင်းမှာ ကာလရှည် ကိုင်တွယ်တာမျိုးက ရှားပါးဖြစ်စဉ်ပါ။ သူဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တွေမှာ ၄ ရာသီနဲ့ ၃ ရာသီလောက်ပဲ ကိုင်တွယ်ခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒီရာသီအကုန်မှာ ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြဘဝ ၆ ရာသီမြောက်ကို ကုန်ဆုံးမှာဖြစ်တယ်။ သူဟာ မန်စီးတီးမှာ အဓိက ဆုဖလား ၁၀ လုံးကို အနိုင်ရထားခဲ့ပြီဖြစ်ပါတယ်။ ဗြိတိန်သတင်းဌာနတွေကတော့ ဂွာဒီယိုလာဟာ နှစ်ကာလရှည် လွှမ်းမိုးနိုင်မယ့် အသင်းကို ဆက်ပြီး တည်ဆောက်နေတာကြောင့် ကာလတိုအတွင်း မန်စီးတီးကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ဖော်ပြနေခဲ့တယ်။

မန်စီးတီးဟာ ကလပ်ရဲ့ အဓိက ကစားသမား အများအပြားကို ကာလရှည် စာချုပ်တွေ ပေးထားတာဖြစ်ကာ ဒီအပတ်မှာပဲ ကန်ဆယ်လိုကို ၂၀၂၇ ခုနှစ်ထိ ရှိနေစေမယ့် စာချုပ်သစ် ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဂရီလစ်နဲ့ ရူဘင် ဒီယက်စ်တို့ရဲ့ စာချုပ်ကလည်း တူညီတဲ့ နှစ်လောက်မှာမှ စာချုပ်ကုန်ဆုံးကြမှာဖြစ်ပါတယ်။

ဝါရင့် ကွင်းလယ်လူ ဒီဘရိုင်းနဲ့ ဘာနာဒိုတို့က ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိနေကာ လာပေါ်တေးကလည်း ၂၀၂၅ နဲ့ အီဒါဆန်၊ ဂျွန်စတုန်းတို့က ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိနေတာဖြစ်ပါတယ်။ အနာဂတ်ကောင်းတွေရှိနေတဲ့ လူငယ်တွေဖြစ်တဲ့ ဒီလပ်၊ မက်အတီ၊ ကိုးပါးမားတို့က ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် စာချုပ်တွေမှာ လက်မှတ်ထိုးထားကြတာပါ။

ကစားသမားတွေက အခုလို ကာလရှည်စာချုပ်တွေကို သဘောတူညီခဲ့ကြခြင်းနဲ့ ကလပ်ဘက်က စာချုပ်သစ်တွေကို အားထုတ်ပေးခြင်းတွေက နည်းပြဂွာဒီယိုလာ အသင်းမှာ ဆက်နေမယ်ဆိုတာကို ယုံကြည်ခြင်းကြောင်းဖြစ်တယ်လို့ ဖော်ပြနေခဲ့တယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးထက် ၉ မှတ်အကွာက ဦးဆောင်နေတဲ့ စီးတီးဟာ လိဂ်ကို ၅ နှစ်အတွင်း ၄ ရာသီ အနိုင်ရဖို့ ရေပန်းစားနေဆဲဖြစ်တယ်။ ၎င်းတို့ဟာ ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်နဲ့ အက်ဖ်အေဖလားမှာ ပဉ္စမအဆင့်တွေထံလည်း ရောက်ရှိနေတာဖြစ်ပါတယ်။