မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ ပွဲထွက်စာရင်းထဲ ဝင်တိုးနိုင်မယ့် မန်ယူ ကစားသမားကို ပေါစခိုး ပြော

ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုးက ပေါ့ဘာဟာ လက်ရှိ လီဗာပူးနဲ့ မန်စီးတီး အကောင်းဆုံး ပွဲထွက်စာရင်းမှာလည်း ပါဝင်နိုင်မယ့်သူလို့ ယုံကြည်နေပါတယ်။

ဒဏ်ရာကြောင့် ၃ လကြာ အနားယူနေခဲ့ရတဲ့ ပေါ့ဘာဟာ ဖေဖော်ဝါရီ လအစမှာတင် ပြန်ကစားလာနိုင်ပြီး ဘန်လေကို အနိုင်ရတဲ့ ပွဲစဉ်မှာ သူ့ရဲ့ ဒီရာသီ ပထမဆုံးသော ပရီးမီးယားလိဂ်သွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပြင်သစ်သားဟာ လိဒ်ကို ၄-၂ နဲ့ အနိုင်ရတဲ့ ပွဲမှာလည်း ယူနိုက်တက်အတွက် ခြေစွမ်းပြခဲ့သေးတာပါ။

အဆိုပါပွဲအပြီး လက်ရှိ ယူနိုက်တက် အသင်းသားတွေထဲက မန်စီးတီးနဲ့ လီဗာပူးအသင်း ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်လောက်သူ တစ်ဦးရှိမလားလို့ မေးခံရချိန်မှာ ပေါလ်စခိုးက ပေါ့ဘာကို ညွှန်ပြခဲ့တာဖြစ်တယ်။ နောက်ပြီး သူကပဲ ပေါ့ဘာကို ကိုယ်တိုင်လည်း အများကြီး ဝေဖန်ခဲ့သေးကြောင်းလည်း ဝန်ခံခဲ့တယ်။

စခိုးက ဆက်ပြောရာမှာ “ ပေါ့ဘာက သူ့ရဲ့ အကောင်းဆုံး ပုံစံတွေ ပြန်ရလာမှာပါ။ သူက ယူနိုက်တက်အသင်း လက်ရှိ လုပ်ဆောင်မှုတွေကို ညွှန်ပြနေတယ်။ ကစားသမားတိုင်း ခြေစွမ်း တသမတ်တည်း တည်ငြိမ်တာမျိုး မရှိပါဘူး။ ကလပ်ကို ဦးဆောင်နေတဲ့ သူတွေက သူတို့ ဦးတည်ရာအပေါ် တစိုက်မတ်မတ် အကောင်အထည် ဖော်တာမျိုး မရှိဘူး။

ပေါ့ဘာကို ကျနော် အတော်လေး ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ပြိုင်ဘက်ကစားသမားတွေ အိုးထရတ်ဖိုဒ့်လာလို့ ဖရတ်နဲ့ တော်မီနေးတို့ကိုပဲ ရင်ဆိုင်ရရင် ယူနိုက်တက်အတွက် သိပ်ကို နေ့တာရှည်သွားမှာပါ။ ပေါလ်နဲ့ ဘာတွေလုပ်နိုင်မယ်ဆိုတာကို မသိနိုင်သေးဘူး။ ဒါပေမယ့် သူအကောင်းဆုံး ကစားနိုင်ရင် သူက သိပ်ကို ထူးချွန်သူဖြစ်ပါတယ်။

အသင်းမှာ သူမရှိဘူးဆိုရင် လီဗာပူး မန်စီးတီးလို အသင်းတွေကို ရင်ဆိုင်ချိန်မှာ ကွင်းလယ်ပိုင်းက ရုန်းကန်ရပါလိမ့်မယ်။ ယူနိုက်တက်က သူ့နေရာကို အစားထိုးဖို့ လုပ်ရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီနွေမှာတော့ ပေါ့ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာသွားတော့မှာပါ။ သူနဲ့ ယူနိုက်တက်ကြားမှာ စာချုပ်ကိစ္စ ဆွေးနွေးနေတာမျိုးလည်း မရှိထားပါဘူး။ မန်စီးတီးဟာ ပေါ့ဘာ ပြောင်းရွှေ့နိုင်တဲ့ ကလပ်တွေထဲက တစ်သင်းအဖြစ် ဖော်ပြမှုတွေ ရှိနေပေမယ့် ဂွာဒီယိုလာကတော့ ပြင်သစ်သားကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ၂၀၁၉ တုန်းက ထုတ်ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။