မန်စီးတီးနဲ့ လီဗာပူးတို့ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ခြေ အများဆုံး ပြနေတဲ့ စူပါကွန်ပြူတာရဲ့ တွက်ချက်မှု

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးကို အရေးနိမ့်ကာ ဒုတိယနဲ့ ကျေနပ်ခဲ့ရပေမယ့် ဒီရာသီ ဥရောပမှာ ဗိုလ်စွဲနိုင်ခြေက စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာ အများဆုံး ဖြစ်နေပါတယ်။ ဒုတိယ အများဆုံးကတော့ လီဗာပူးအသင်းပါ။

ချဲလ်ဆီး မန်စီးတီး နဲ့ လီဗာပူး တို့ဟာ နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့မှာ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်နေပြီး မန်ယူနိုက်တက် ကတော့ အက်သလက်တီကိုနဲ့ အဝေးကွင်းမှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အိုးထရပ်ဖို့ဒ်မှာ အဆုံးအဖြတ်ပွဲကို ကန်သွားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖလားနဲ့ကပ်ပြီး လွဲခဲ့တဲ့ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ ဗိုလ်စွဲနိုင်ရန် ရာခိုင်နှုန်း အများဆုံး ဖြစ်နေပါတယ်။ FiveThirtyEight ဝက်ဘ်ဆိုဒ် ရဲ့ တွက်ချက်မှု အရ ပထမအကျော့မှာ စပို့တင်းလစ္စဘွန်းကို အဝေးကွင်းမှာ ၅-၀ နဲ့ နိုင်ထားခဲ့တဲ့ မန်စီးတီးဟာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ရန် ၉၉% ကျော် သေချာနေပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာရဲ့ အသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ရန် ၆၉% ၊ ဖိုင်နယ်ကို တက်နိုင်ရန် ၄၅% နဲ့ ဗိုလ်စွဲနိုင်ရန် ၂၆% ရှိတယ်လို့ ခန့်မှန်းထားခဲ့ပြီး ဒါဟာ အခြား ပြိုင်ပွဲဝင် အသင်းတွေထက် ပိုများနေပါတယ်။

ပရီးမီးယားလိဂ်မှာ ဒုတိယနေရာမှာ ရပ်တည်နေပြီး ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဖလား ပိုင်ရှင် လီဗာပူးဟာ စီးတီးပြီးရင် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရာခိုင်နှုန်း အများဆုံး အသင်း အဖြစ် ခန့်မှန်းထားခဲ့ပြီး ဗိုလ်စွဲနိုင်ရန် ၂၁% ရှိနေပါတယ်။

ပထမအကျော့မှာ ရက်ဘူးဆဲလ်ဘတ်ကို ၁ ဂိုးစီ သရေသာ ကစားနိုင်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ချန်ပီယံလိဂ်ပိုင်ရှင် ဘိုင်ယန်မြူးနစ် အသင်းကတော့ ဗိုလ်စွဲနိုင်ရန် ၁၈% နဲ့ တတိယနေရာမှာ ရှိနေပြီး အံ့အားသင့်စရာ ကတော့ ပီအက်ဂျီ နဲ့ ရီးရဲယ်မက်ဒရစ် တို့ရဲ့ ဗိုလ်စွဲဖို့ ရာခိုင်နှုန်းဖြစ်ကာ ၄% နဲ့ ၃% အသီးသီးပဲ ရှိကြပါတယ်။

စူပါကွန်ပြူတာရဲ့ သုံးသပ်ချက်နဲ့ ကိုက်ညီမလား ဆိုတာကိုတော့ လာမယ့် မေလ ပဲရစ်မှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ် ဖိုင်နယ်မှာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။