ပရီးမီးယားလိဂ်မှာ မန်စီးတီးကို လီဗာပူး အမှီ လိုက်နိုင်မလား ဂျိုကိုးလ်ရဲ့ သုံးသပ်ခန့်မှန်းချက်
မန်စီးတီးဟာ ဒီတလောမှာ ရမှတ်ဆုံးရှုံးမှုတွေ ရှိသွားခဲ့ပြီး ဒီအချိန်မှာ လီဗာပူးဟာ နိုင်ပွဲတွေ ဆက်တိုက် ရယူကာ ပက်ဂွာဒီယိုလာရဲ့ အသင်းနဲ့ ရမှတ် ကွာဟမှုကို ၃ မှတ်ထိ လျော့ချနိုင်ခဲ့ပါတယ်။
လီဗာပူးဟာ လက်ရှိအချိန်မှာ ပုံစံကောင်း ရနေတဲ့ အသင်း ဖြစ်ပြီး ဗုဒ္ဓဟူးနေ့က လိဒ်ကို အိမ်ကွင်းမှာ ၆-၀ နဲ့ နိုင်ထားခဲ့တဲ့ပွဲစဉ် အပါအဝင် ပြိုင်ပွဲစုံမှာ ၁၁ ပွဲဆက်တိုက် နိုင်ထားခဲ့ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီး နဲ့ လီဗာပူး ကစားသမားဟောင်း ဖြစ်သူ ဂျိုကိုးက မန်စီးတီးဟာ လီဗာပူးရဲ့ အမှတ်ပေးဖလား စိန်ခေါ်မှုကို တားဆီးကာ ပရီးမီးယားလိဂ် ဖလားကို ကာကွယ် သွားနိုင်လိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ပြီး ယာဂန်ကလော့ အသင်းရဲ့ နောက်ပိုင်း ရရှိနေတဲ့ ပုံစံကောင်းဟာ စီးတီးကို စိုးရိမ်စရာ ဖြစ်စေမှာ မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။
ဂျိုကိုးက “လီဗာပူးဟာ မန်စီးတီးနဲ့ ၃ မှတ် အကွာကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးမှာ ဖိအားတွေ သိပ်များနေလိမ့်မယ် လို့တော့ ကျွန်တော် မထင်မိပါဘူး။ ဒီရာသီမှာ သူတို့ ကစားနေတဲ့ ကစားပုံ အရ သူတို့ဟာ ဒီအချိန်မှာ လီဗာပူးနဲ့ ပက်သက်ပြီး သိပ်ပြီး စိုးရိမ်မိမှာ မဟုတ်ပါဘူး။
စီးတီး အနေနဲ့ ယခုနဲ့ ရာသီကုန်ကြားမှာ အမှတ်တွေ သိပ်ပြီး ဆုံးရှုံးသွားဖို့ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ လက်ကျန် ရာသီမှာ ၂ ပွဲ ရှုံးနိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။
လီဗာပူးဟာ ခက်ခဲတဲ့ ပွဲတွေ ကစားဖို့ ကျန်သေးတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ လက်ရှိမှာ ရမှတ် ကွာဟမှုကို ၃ မှတ် လျော့ချထားနိုင်ခဲ့ပေမယ့်လည်း လီဗာပူး အနေနဲ့ မန်စီးတီးကို လိုက် မှီလိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။” လို့ ဆိုလိုက်ပါတယ်။
ဂျိုကိုး က လီဗာပူး အနေနဲ့ သမိုင်း တစ်လျှောက် အကောင်းဆုံး အသင်းတွေထဲက တစ်သင်းထဲမှာ ပါဝင်နိုင်ရန် နောက်ထပ် အမှတ်ပေးဖလားကို ထပ်ယူပြဖို့ လိုနေသေးတယ်လို့ ပြောလိုက်ပါတယ်။