ရိုဒရီဖြစ်ရပ် ဘာလို့ ပင်နယ်တီ မဟုတ်သလဲဆိုတာကို ပရီးမီးယားလိဂ် ဖြေရှင်း

အဲဗာတန် နည်းပြ ဖရန့် လမ်းပတ်က မနေ့ညက ကစားသွားတဲ့ ပွဲစဉ်မှာ သူ့အသင်း ရသင့်တဲ့ ပင်နယ်တီကို မရခဲ့လို့ ကွင်းလယ်ဒိုင် ပေါလ်တီယာနေး နဲ့ VAR ဒိုင် ခရစ္စ ကာဗာနာ တို့ကို ဝေဖန်သွားခဲ့သလို တရားဝင်ကြေငြာချက်ထုတ်ကာ ပြန်တောင်းပန်မယ့် အချိန်ကို စောင့်နေတယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လမ်းပတ်က ” ကျနော်ကတော့ တရားဝင် ဖြေရှင်းချက် (ဒါမှမဟုတ်) တောင်းပန်ချက် ထုတ်မယ့် အချိန်ကို စောင့်ကြည့်နေပါတယ်။ ဒိုင်တွေ အမှားလုပ်တဲ့ အချိန်မျိုးမှာ ဘာမှမဖြစ်သလိုတော့ မပြီးသွားစေချင်ပါဘူး” လို့ ပွဲအပြီး ပြောဆိုသွားခဲ့တယ်။

မန်စီးတီး ဟာ တန်းဆင်းဇုံ အန္တရာယ်ရှိနေတဲ့ အဲဗာတန် ကို 82 မိနစ် အရောက်မှာတော့ ခံစစ်မှုး မိုက်ကယ် ကိန်း ရဲ့ အမှားကနေ တဆင့် ဖိုဒန် က အနီးကပ် သွင်းယူကာ လီဗာပူး နဲ့ နီးကပ်နေတဲ့ အမှတ်ကွာဟချက်ကို ဆွဲဆန့်နိုင်ဖို့ အခွင့်အလမ်း ပွင့်သွားပါတယ်။

သို့သော် ဦးဆောင်ဂိုးရလို့ မကြာခင်မှာပဲ ကွင်းလယ် ကစားသမား ရိုဒရီဟာ 18 ကိုက် အတွင်းမှာ လက်ထိခဲ့ပေမယ့် ၊ ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခြင်း မရှိလို့ သက်သာရာရသွားပါတယ်။

သို့သော် အဲဒီ အဖြစ်အပျက်ကို သေချာ မြင်လိုက်ရတဲ့ အိမ်ရှင် ပရိသတ်တွေဟာ ဒိုင်လူကြီးကို အော်ဟစ် ဖိအားပေးခဲ့သလို ၊ ကွင်းဘေးက လက်ထောက်နည်းပြ အက်ရှ်လေကိုး ဆိုရင် ပွဲအပြီးမှာ အဝါကဒ်ပြပြီးတောင် သတိပေး ခံလိုက်ရပါတယ်။

ဒါပေမယ့်လည်း လမ်းပတ်ရဲ့ ဆုတောင်းက မပြည့်ခဲ့ပါဘူး။ ရိုဒရီ ဖြစ်ရပ်အတွက် ပရီးမီးယားလိဂ်ဘက်က သူ မျှော်လင့်သလို တောင်းပန်ခြင်း မလုပ်ခဲ့ဘဲ ပင်နယ်တီ မဟုတ်ဘူးလို့ပဲ ငြင်းချက်တစ်စောင် ထုတ်ပြန်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်က ” ရိုဒီရဲ့ လက်ထိဘောကို ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် VAR ဒိုင်လူကြီး Chris Kavanagh က ပင်နယ်တီပေးရလောက်အောင် ခိုင်လုံတဲ့ အကြောင်းရင်း မရှိခဲ့ဘူးလို့ ထင်ခဲ့တယ်။ ဘောလုံးက ‘red zone’ ထက်ပိုတဲ့ အနေအထားကို မရောက်ခဲ့ပါဘူး။

ဆုံးဖြတ်ချက်က ဒွိဟတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် သေချာတာကတော့ VAR က ဒီဖြစ်ရပ်ဟာ သိသာထင်ရှားတဲ့ အမှားလို့ မထင်ပါဘူး ” လို့ ထုတ်ပြန်သွားတာဖြစ်ပါတယ်။