ဂရီလစ်ချ်ခြေစွမ်း ဝေဖန်သူတွေကို အချက်ကျကျ တုန့်ပြန်သွားတဲ့ ဂွာဒီယိုလာ
ဂရီးလစ်ရှ်ဟာ ဒီရာသီမှာ ကလပ်အတွက် ၃ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ်ပဲ ပြုလုပ်ပေးခဲ့တာနဲ့အတူ စီးတီးနည်းပြ စိတ်ကြိုက် ကစားသမားဖြစ်မနေပါဘူး။
ဂရီးလစ်ရှ်ဟာလည်း အချက်အလက်ပိုင်း ထောက်ပြနေမှုတွေကနေ တိုးတက်ချင်ကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ “ အဓိက အချက်အလက်တွေက ဂိုးနဲ့ ဖန်တီးမှုတွေပဲလို့ ကျွန်တော်ထင်တယ်။ အဲ့ဒီ့အပိုင်းတွေမှာ ကျွန်တော် တိုးတက်ဖို့အတွက် အများဆုံး ကြိုးစားနေတာပါ”လို့ ၎င်းက ဆိုပါတယ်။
ဂွာဒီယိုလာက အင်္ဂလန်သားရဲ့ ကစားပုံနဲ့ သူ့ရဲ့ အကူအညီပေးမှုတွေဟာ ဗီလာမှာတုန်းက အတိုင်း အတူတူပဲလို့ ပြောဆိုခဲ့ပေမယ့် သူရဲ့ နည်းစနစ်မှာ လူတိုင်း အတူတကွ ပူးပေါင်းကူညီပြီး တူညီတဲ့ ရည်မှန်းချက်အတွက် ကြိုးစားကြဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
“ သူက လူတွေပြောနေတဲ့အရာတွေကို ဂရုတစိုက် နားထောင်လွန်းတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒါက မှားတယ်။ ဒါပေမယ့် အချက်အလက်တွေက ပိုကောင်းလာပြီး သူဟာ ဘောလုံးနဲ့ ထိတွေ့မှုအပိုင်းမှာ အက်စ်တွန်ဗီလာ ကစားသမားဘဝတုန်းကနဲ့ အတူတူပါပဲ။
သူက ပဲလေ့စ်နဲ့ပွဲမှ မိနစ် ၂၀ အတွင်း ၃ ဂိုးသွင်းယူဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ အဲ့ဒီ့အခွင့်အရေးတွေကို အသုံးမချခဲ့ပေမယ့် နောက်ကျရင် အဆင်ပြေသွားမှာပါ။ ကျွန်တော်တို့က သူ့ကို ၄၅ ဂိုးလောက် သွင်းခိုင်းဖို့ ဝယ်ယူခဲ့တာ မဟုတ်ပါဘူး ” လို့ ပြောပါတယ်။
ဂရီးလစ်ရှ်အနေနဲ့ ခံစစ်ပိတ်ဆော့တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တိုက်စစ်နဲ့ ခံစစ် လမ်းကြောင်းတွေကြား အသားကျကျ ကစားခဲ့ပြီး ကျပ်တည်းတဲ့နေရာတွေမှာ ဘောလုံးရယူကာ လျင်မြန်တဲ့ခြေထောက်၊ အလိမ်အခေါက်စွမ်းရည်တွေနဲ့ အသင်းအတွက် တိုက်စစ်ကို တွန်းအားပေးဖို့ ကြိုးစားတဲ့အပေါ်မှာ ဂွာဒီယိုလာက အထင်ကြီးပါတယ်။
ဂရီးလစ်ရှ်အနေနဲ့ သူ့အရင်က ကြီးမားတဲ့ ခေါ်ယူမှုတွေလိုပဲ အသင်းမှာ အပြည့်အဝ အသားကျဖို့ အချိန်ယူရနိုင်ပါတယ်။ မာရက်ဇ်၊ ရိုဒရီ၊ ကန်ဆယ်လိုတို့ ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံဟာ ဒုတိယရာသီကျမှသာ စတင်ပေါ်ထွက်လာခဲ့တာပါ။
ဂွာဒီယိုလာက “ မင်း အမြင့်ဆုံးအဆင့်အတန်းမှာကစားပြီး တိုက်စစ်နဲ့ခံစစ်မှာ ပိုကောင်းလာဖို့ အသင်းဖော်တွေကို ကူညီပေးတယ်ဆိုရင် လုံလောက်ပါတယ်။ အဲ့လိုနည်းနဲ့ပဲ ကျွန်တော်တို့ နိုင်ပွဲတွေ ရယူမှာပါ။
လူတိုင်းမှာ အေးဂျင့်တွေ၊ မန်နေဂျာတွေ ရှိပါတယ်။ ပိုကောင်းအောင်လုပ်ဖို့ သူတို့ ဘာတွေလုပ်ရမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောကြတဲ့အရာတွေကို အများကြီးကို နားထောင်ကြတယ်။ သူက ကောင်းကောင်းကစားနေတာပါ။ အဲ့လိုမဟုတ်ရင် ကျွန်တော် သူ့ကို ပြောမှာပေါ့။ ဒါက ပြဿနာ မဟုတ်ပါဘူး ” ဆိုပြီး ပြောခဲ့တာပဲဖြစ်ပါတယ်။