မန်စီးတီး နောင်တကို ထုတ်ဖော် ဝန်ခံလိုက်တဲ့ တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီ

ပိုမိုရင့်ကျက်လာတဲ့ ဘာလော့တယ်လီက ၂၀၁၂-၁၃ ရာသီကုန်မှာ စီးတီးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာက နောင်တရစရာ ဖြစ်နေတုန်းပဲလို့ ဝန်ခံခဲ့ပြီး အဲ့ဒီ့တုန်းက သူသာ ပိုပြီး ရင့်ကျက်ခဲ့မယ်ဆိုရင် ကလပ်ဂန္တဝင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာပါ။

နားလည်ရခက်တဲ့ တိုက်စစ်မှူးဟာ နိုင်ငံအဆင့်မှာ အပယ်ခံဘဝနဲ့ ၃ နှစ်ကျော် ကြာခဲ့ပြီးနောက် အခု အီတလီအသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်ရခဲ့ပြီး အဇူရီနည်းပြ မန်ချီနီရဲ့ ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၁၃ မှာ အီသီဟဒ်ကနေ ထွက်ခွာပြီးနောက်ပိုင်း အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ လက်ရှိမှာ သူ့ရဲ့ ၇ သင်းမြောက် ကလပ်ဖြစ်တဲ့ အဒါနာ ဒီမာစပေါ်နဲ့အတူ ကစားနေတာပါ။ မန်စီးတီးကနေ ထွက်ခွာလာခဲ့တာက သူ့ကို အကောင်းဆုံးဆိုတဲ့ အနေအထားတွေကနေ ကျဆင်းစေခဲ့ကြောင်း အီတလီတိုက်စစ်မှူးကြီးက ပြောပါတယ်။

“ မန်စီးတီးကို စွန့်ခွာခဲ့တာက ကျွန်တော့်ရဲ့ အကြီးမားဆုံး အမှားဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် ထွက်ခွာခဲ့တဲ့နှစ်မှာတောင် တစ်နှစ်ခွဲလောက် မီလန်မှာ ကောင်းကောင်း ကစားခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့နောက်မှာ ကျွန်တော် ပြဿနာတချို့ ရှိခဲ့တယ်။

အခု ကျွန်တော် အသက်ပိုကြီးလာပြီ။ အဲ့ဒီ့တုန်းက စီးတီးကို မစွန့်ခွာခဲ့သင့်ဘူးဆိုတာ သိလာပြီ။ ဒီနှစ်တွေမှာ စီးတီးက ပိုပိုပြီး တိုးတက်လာတာကို မြင်တွေ့နေရတယ်။ ကျွန်တော်လည်း ဆာဂျီယို အဂွယ်ရိုလိုမျိုး အဲ့ဒီ့မှာ အချိန်အကြာကြီး ရှိနေနိုင်ခဲ့တယ်။

စီးတီးမှာတုန်းက အခုလို ရင့်ကျက်တဲ့ စိတ်ဓာတ်သာ ရှိခဲ့ရင် ဘလွန်းဒီအော တစ်လုံးလောက်တော့ ရမှာသေချာတယ်။ ဒါပေမယ့် မင်း ပိုပြီးရင့်ကျက်လာတဲ့အချိန်မှသာ ဒါတွေကို နားလည်နိုင်တာပါ ” လို့ ဘာလော့တယ်လီက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီရာသီ စူပါလီဂါ ပွဲ ၂၀ မှာ ဘာလော့တယ်လီဟာ ၁၀ ဂိုး သွင်းယူထားပြီး သူ့ကို ဥရောပဘောလုံးလောကမှာ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်စေခဲ့တဲ့ အကောင်းဆုံးခြေစွမ်းတွေ ပြန်လည်ရရှိဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။