စီးတီး ပရိသတ်တွေအတွက် စိတ်ပျက်စရာ သတင်းဆိုးတစ်ခု ထုတ်ပြောသွားတဲ့ ဂွာဒီယိုလာ
မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဒီအပတ် မန်ချက်စတာဒါဘီမှာ အဓိက ကစားသမားအချို့ကို ဒဏ်ရာကြောင့် လက်လွတ်ရမှာဖြစ်ကြောင်း ပွဲကြိုမှာ ထုတ်ပြောခဲ့ပါတယ်။
ရူဘင် ဒီယက်စ်နဲ့ အကီတို့ ဒီအပတ်ပွဲကို လွဲချော်မှာဖြစ်ပြီး ကြားရက် အက်ဖ်အေပွဲမှာ ထိခိုက်မှုတွေကနေ အချိန်မီ ပြန်သက်သာလာခြင်း မရှိဘူးလို့ သိရတာဖြစ်တယ်။ ပီတာဘရော့ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်ခဲ့တဲ့ သူတို့ နှစ်ဦးဟာ ကာလရှည်တော့ နားရဖွယ် မရှိတာ ဖြစ်ပါတယ်။
ဒီကနေ့ မီဒီယာတွေ့ဆုံမှုမှာပဲ ဂွာဒီယိုလာက ဆေးအဖွဲ့ဟာ သူ့ရဲ့ ခံစစ်သမားတွေ မန်ချက်စတာဒါဘီပွဲ ကစားပေးနိုင်မှာ မဟုတ်ကြောင်း အကြောင်းကြားခဲ့တယ်လို့ ဆိုတယ်။ အကီရဲ့ ဒဏ်ရာက ခပ်မြန်မြန် ပြန်ကောင်းလာမှာ ဖြစ်ပေမယ့် သတင်းဆိုးကတော့ ဒီယက်စ်ဟာ ၄ ပတ်ကနေ အများဆုံး ၆ ပတ်ထိ အနားယူရမှာဖြစ်ပါတယ်။
ပီတာဘရော့ပွဲမှာ လူစားဝင် ကစားသမားတွေအဖြစ် ဒုတိယပိုင်းမှာ ဝင်ကစားခဲ့တဲ့ ဂျွန်စတုန်းနဲ့ လာပေါ်တေးတို့ ဒါဘီပွဲမှာ ပွဲထွက်ဖွယ်ရှိတယ်။ ဂွာဒီယိုလာကတော့ အသင်းရဲ့ အင်အားက နည်းပါးနေတယ်လို့ ထုတ်ပြောခဲ့ပြီး ဒီယက်စ်လို အဓိက ခံစစ်မှူးကို ဘောလုံးရာသီရဲ့ အရေးပါဆုံး အချိန်မှာ လက်လွတ်ရမှာက အထိနာလှပါတယ်။
” ဒီလိုတွေ ဖြစ်တာပဲလေ။ အခြား ရာသီတွေမှာလည်း အသင်းရဲ့ အကောင်းဆုံးဆိုတဲ့ အဓိက ကစားသမားတွေ လအတန်ကြာ နားရတာ ရှိတာပဲ။ ဒီယက်စ်ကို သဘောကျပါတယ် ဒါပေမယ့် အခု သူမပါနိုင်တော့ဘူး။ ကျနော် ငိုကြွေးနေမှာ မဟုတ်ပါဘး။ ဘောလုံးရာသီမှာ ဒီလိုတွေက ဖြစ်နိုင်တာပါပဲ။
လူတွေက ကျနေ်ာတို့ဟာ ကိုဗစ်နဲ့ ပတ်သက်လာရင် ကံကောင်းတယ်လို့ ပြောကြတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ကြံ့ခိုင်မှု ကောင်းနေတဲ့ ကစားသမား ၁၄ ယောက်၊ ၁၅ ယောက်ပဲ ရှိပါတယ်။ ပွဲတွေ ဘယ်လောက်ကစားရမလဲ မသိပါဘူး။ ဒီကစားသမားတွေက အကောင်းဆုံး ကစားနိုင်ဖို့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။
ကစားပုံ မကောင်းဘဲ တိုက်ခိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျနေ်ာတို့က ကိုယ်ပရိသတ်တွေရှေ့မှာ ကစားရမှာဖြစ်တယ်။ ကျနေ်ာတို့ရဲ့ ပရိသတ်တွေက အသင်းအတွက် သူတို့ အမြဲတမ်း လုပ်ပေးခဲ့သလို အားပေး ထောက်ပံ့ကြမယ်လို့ မျှော်လင့်ပါတယ် ” ဆိုပြီး ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။