ရာသီကုန်မှာ မန်စီးတီးနဲ့ အနာဂတ်ကိစ္စ ထပ်မံ ဆွေးနွေးသွားတော့မယ့် ဘာနာဒို ဆေးဗား

မနှစ်က နွေရာသီမှာ မန်စီးတီးကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ရတဲ့ အကြောင်းပြချက်က အထီးကျန်သလို ခံစားရလို့ဖြစ်ပြီး ပေါ်တူဂီက မိသားစုနဲ့ ပိုပြီး နီးစပ်ချင်လို့ဖြစ်ကြောင်း ဘာနာဒိုဆေးဗားက ဝန်ခံခဲ့ပါတယ်။

နွေတုန်းက အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့တဲ ကစားသမား လေးယောက်ထဲက နှစ်ယောက်မှာ အသက် ၂၇ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့် ပါဝင်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇွန်လမှာ ပက်ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဘာနာဒိုအတွက် စီးတီး သတ်မှတ်တဲ့ တန်ကြေးကို ပေးနိုင်သူ မရှိတာကြောင့် သူဟာ အသင်းမှာ ဆက်နေခဲ့ပြီး ပြိုင်ပွဲစုံ ၁၀ ဂိုးနဲ့အတူ တောက်ပခဲ့ပြီး ဖြစ်ပါတယ်။

“ အင်္ဂလန်မှာ အဲ့ဒီ့ကာလအတွင်း ကျွန်တော် နည်းနည်း အထီးကျန်နေခဲ့ပြီး ကိုယ့်ဘဝကိုယ် အရမ်း မပျော်မရွှင် ဖြစ်နေခဲ့ပါတယ်။ မပျော်ဘူးဆိုရင် ပျော်နေတုန်းကလောက် ကောင်းကောင်း မလုပ်နိုင်ဘူးလေ။ ကျွန်တော် ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ကောင်းမွန်ခဲ့ပေမယ့် မျက်နှာပေါ်မှာ အပြုံးလေးနဲ့ အလုပ်မလုပ်နိုင်တော့ အဆင်မပြေသလိုဖြစ်လာတယ်။

ဒီကဘဝကို မပျော်တော့တာကြောင့် ကလပ်နဲ့ စကားပြောခဲ့ပြီး မိသားစုနဲ့ ပိုနီးစပ်ချင်ခဲ့တယ်။ ဒါပေမယ့် ထွက်ခွာချင်ရတဲ့အကြောင်း မန်စီးတီးနဲ့ ဘာမှမဆိုင်ပါဘူး။ မန်စီးတီးကို ကျွန်တော် ချစ်ပါတယ်။ အသင်းဖော်တွေ၊ ပရိသတ်တွေကို ကျွန်တော်ချစ်တယ်။ အဲ့ဒီ့နောက် ဘာမှ ဆက်မဖြစ်ခဲ့ဘူး။ ကျွန်တော် ဆက်နေဖြစ်ခဲ့ပြီး ဒီမှာ နေသလောက် ဒီကလပ်အတွက် အမြဲတမ်း အကောင်းဆုံး ပေးဆပ်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဆေးဗားဟာ တောက်ပတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး အက်စ်တွန်ဗီလာနဲ့ ပွဲမှာ သူ့ရဲ့ အံ့အားသင့်ဖွယ် မြေမထိဘော သွင်းဂိုးနဲ့အတူ ဒီဇင်ဘာမှာ နည်းပြရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးခံခဲ့ရတာပါ။

စီးတီးရဲ့ အောင်မြင်မှု နောက်ကွယ်မှာ အဓိကအကြောင်းက သူတို့ရဲ့ အကောင်းဆုံး လုပ်နိုင်စွမ်းတွေကို ရိုးရိုင်းရှင်းရှင်း အကောင်အထည်ဖော်နိုင်လို့ဖြစ်ကြောင်း ဆေးဗားက ပြောဆိုခဲ့ပြီး သူဟာ သူ့အနာဂတ်ကို ထပ်မံဆွေးနွေးဖို့ ရာသီကုန်မှာ နည်းပြနဲ့ စကားပြောသွားဦးမှာ ဖြစ်ပါတယ်။

“ ပက်က တောင်းဆိုမှု အရမ်းများတယ်။ ဒါပေမယ့် မင်းကို လွန်လွန်ကဲကဲအရာတွေ လုပ်ပြဖို့ မတောင်းဆိုပါဘူး။ ရိုးရှင်းတဲ့အရာတွေကိုပဲ ကောာင်းကောင်းလုပ်ဖို့ တောင်းဆိုတာပါ။ ကျွန်တော်တို့ ကစားတဲ့ပုံက အရမ်းရိုးရှင်းတယ်။ လူတိုင်းက သူတို့တစ်ဦးချင်း ကောင်းဖို့ထက် အသင်းအတွက် အကောင်းဆုံးဖြစ်မယ့်အရာကိုပဲ လုပ်ပါတယ်။

ဒါကပဲ ကျွန်တော်တို့ကို အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်စေတာပါ။ ရာသီကုန်မှာ ကျွန်တော် စီးတီးနဲ့အတူ ထိုင်ပြီး နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို ဆွေးနွေးသွားမှာပါ။

အခု ရာသီအလယ်ကို ရောက်နေပြီ၊ အရေးပါတဲ့ ဆုဖလားတွေအများကြီး အောင်မြင်ချင်ပါတယ်။ ကျွန်တော်တို့ ဖလားအားလုံး အောင်မြင်နိုင်သလို တခုမှ မအောင်မြင်တာလဲ ဖြစ်နိုင်တယ်။ အခုက ကျွန်တော့်အနာဂတ်ကိုပြောဖို့ အချိန်ကောင်း မဟုတ်ပါဘူး”လို့ ဆေးဗားက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။