ဘာလို့ ချန်ပီယံလိဂ်ဖလားထက် ပရီးမီးယားလိဂ်ဖလားကို ပိုလိုချင်လဲ ဒီဘရိုင်း ရှင်းပြ

ပရီးမီးယားလိဂ် အောင်မြင်မှုဟာ ချန်ပီယံလိဂ် အောင်မြင်မှုထက် အများကြီး ပိုပြီး အဓိပ္ပါယ်ရှိလိမ့်မယ်လို့ ကယ်ဗင် ဒီဘရိုင်းက ဆိုပါတယ်။

ဒီဘရိုင်းဟာ ဂွာဒီယိုလာ လက်အောက် နောက်ဆုံး ၄ ရာသီမှာ အမှတ်ပေးဖလား ၃ လုံး အောင်မြင်ခဲ့ပြီး ဒီနှစ်မှာ ထပ်ပြီး အောင်မြင်ဖို့ ရည်ရွယ်ထားတာပါ။ မန်စီးတီးဟာ ဥရောပဖလား အောင်မြင်သေးခြင်း မရှိတာကြောင့် ဂွာဒီယိုလာ မထွက်ခွာခင် ကလပ်အတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့လည်း ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီးဟာ ကြီးကျယ်တဲ့ အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံရဖို့ ဥရောပဖလား ယူပြရမယ်ဆိုတဲ့ စကားကို ဒီဘရိုင်းက သဘောမတူပါဘူး။

“ ကျွန်တော်ကတော့ အမြဲတမ်း ပရီးမီးယားလိဂ်ဖလားကို ရွေးချယ်ပါတယ်။ ဒါပေမယ့် ကျွန်တော် တခါမှတော့ ချန်ပီယံလိဂ်ဖလား မအောင်မြင်ခဲ့ဖူးပါဘူး။ နှစ်ခုတည်းက တစ်ခုကို ရွေးချယ်ရမယ်ဆိုရင် ပရီးမီးယားလိဂ်ကိုပဲ ရွေးမှာပါ။ အဲ့ဒါက ကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းတည်ငြိမ်မှုနဲ့ တစ်ရာသီလုံး မင်းလုပ်ရမယ့်အရာကို ပြသနေတာပါ။

ချန်ပီယံလိဂ်မှာလည်း ကောင်းဖို့လိုပေမယ့် အဲ့ဒါက ကံစမ်းမဲ ပိုဆန်တယ်။ လိဂ်မှာက ပွဲတွေ ပိုကစားရတာကြောင့် ချန်ပီယံလိဂ်က ပြည်တွင်းလိဂ်နဲ့ ယှဉ်ရင် ကံတရားက ပိုလိုအပ်ပါတယ်။ ဘယ်ဖလားပဲပေးပေး ကျွန်တော်ကတော့ ယူမှာပဲ ” လို့ ဒီဘရိုင်းက ပြောပါတယ်။

သူတို့ဟာ မနှစ်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချယ်ဆီးကို ရှုံးနိမ့်ခဲ့ပေမယ့် ဒီဘရိုင်းက သူ့အနေနဲ့ အကြီးကျယ်ဆုံး ကစားသမားတွေ စာရင်းမှာ ပါဝင်နိုင်ဖို့ ဥရောပဖလား မိုးခေါင်မှုကို အဆုံးသတ်ဖို့ လိုတယ်ဆိုတာ လက်ခံထားတာ ဖြစ်ပါတယ်။

ကျရှုံးမှုဟာ ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ အစိတ်အပိုင်းတစ်ခုပဲလို့ ၎င်းက ယုံကြည်နေတာပါ။ လက်ရှိ ပရီးမီးယားလိဂ်မှာ လီဗာပူးက အနီးစပ်ဆုံး နေရာကနေ ဖိအားပေးနေသလို စီးတီးဟာ ဒီနေ့ညမှာ မန်ချက်စတာဒါဘီ ကစားရမှာ ဖြစ်ပါတယ်။

“ ဂန္တဝင်ဆိုတာ ဘာလဲ။ ဥပမာ မနှစ်က ကျွန်တော်တို့ ချန်ပီယံလိဂ်လား အောင်မြင်ခဲ့ရင် ကျွန်တော့်ရဲ့ တစ်ကိုယ်တော် အောင်မြင်မှုတွေက ပိုပြီး ကြီးမားသွားမှာလား။ ကစားသမားတစ်ယောက် အနေနဲ့ ကျွန်တာ် ဘာလုပ်ခဲ့တယ်။ ဘာလုပ်ဖို့ လိုအပ်ခဲ့တယ်ဆိုတာ သိပါတယ်။

ချန်ပီယံလိဂ် မအောင်မြင်ခဲ့တဲ့ တခြား ဂန္တဝင်ကစားသမားတွေ ရှိတာပဲ။ ကျွန်တော့် ကစားသမားဘဝ အဆုံးသတ်မှာ ကျွန်တော် မအောင်မြင်ခဲ့တဲ့ အရာတွေကို ပြန်ကြည့်မှာ မဟုတ်ဘူး။ အများကြီး အောင်မြင်ချင်ပေမယ့် နောက်ထပ် ဖလားတစ်လုံးက ကစားသမားဘဝမှာ မင်းလုပ်ခဲ့တဲ့ အရာတိုင်းကို ဆုံးဖြတ်ပေးမှာ မဟုတ်ပါဘူး။

အားကစားသမားတစ်ယောက်က ရှုံးတဲ့အခါတိုင်း နာကျင်ရတယ်။ ဒါပေမယ့် တခါတလေမှာ နာကျင်ရတဲ့ အခိုက်အတန့်တွေရှိတာ ကောင်းတယ်လို့ ထင်ပါတယ်။ အရာအားလုံးက အဆင်ပြေနေတဲ့ ဘဝမျိုးမှ မရှိတာ။ တခါတလေမှာ ကျရှုံးတတ်တာ သဘာဝပါပဲ။ ကျရှုံးမှုက ကျွန်တော့်အတွက် မဆိုးပါဘူး။

အဲ့ဒါက ကစားသမားတစ်ယောက်၊ အသင်းတစ်ယောက်၊ လူသားတစ်ယောက်ကို တိုးတက်လာအောင် ကူညီပေးပါတယ်။ အပြင်က လူတွေက ကျရှုံးတဲ့အကြောင်း ပြောနေကြပေမယ့် အဲ့ဒါက အရေးမပါဘူး။ အသင်းတစ်သင်း၊ လူတစ်ယောက်အနေနဲ့ မင်း လုပ်ခဲ့တာကို မင်းသိတယ်။ ကျွန်တော် ဘယ်သူလဲဆိုတာလည်း ကျွန်တော် သိပါတယ် ” လို့ ဒီဘရိုင်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။