ဂွာကြီးက လီဗာပူးပဲ အခက်ခဲဆုံး ပြိုင်ဘက်လို့ ပြောတဲ့အပေါ် ကလော့ပ် ချေပ

မန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ် ပြိုင်ဘက် လီဗာပူးအသင်းဟာ သူ့ရဲ့ နည်းပြဘဝမှာ အခက်ခဲဆုံး ပြိုင်ဘက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

စီးတီးဟာ ကုန်ခဲ့တဲ့ ဘောလုံးရာသီတွေမှာ လီဗာပူးအသင်းနဲ့ပဲ အဓိက ယှဉ်ပြိုင်နေရတာဖြစ်ပြီး ကလော့ပ်ရဲ့ အသင်းဟာ ဖိအားအပေးနိုင်ဆုံးဖြစ်ပါတယ်။ ဒီရာသီမှာတော့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူခဲ့အပြီး စီးတီးဟာ အသင်းကြီးပွဲဆိုလို့ လီဗာပူးတစ်သင်းတည်းနဲ့ပဲ ရင်ဆိုင်ရတော့မှာပါ။

ဂွာဒီယိုလာက ” အခက်ခဲဆုံးဆိုတဲ့ ပြိုင်ဘက်အသင်းကို ရင်ဆိုင်နေရတာဖြစ်တယ်။ ကျနော်ရဲ့ မန်နေဂျာဘဝတစ်လျှောက် အခက်ခဲဆုံး ပြိုင်ဘက်ကို ရင်ဆိုင်နေရပါတယ်။ သူတို့နဲ့ ယှဉ်ပြိုင်ပြီး ဆုဖလားတွေ အနိုင်ရဖို့ တိုက်ခိုက်နေရခြင်းဟာ မန်နေဂျာဘဝတစ်လျှောက်လုံး လုပ်ဆောင်ခဲ့သမျှတွေထဲမှာ အကောင်းဆုံး အောင်မြင်မှုပါ ” ဆိုပြီး လီဗာပူးကို ချီးကျူးခဲ့တာပါ။

ဂွာကြီးရဲ့ ချီးကျူးမှုအပေါ် ကလော့ပ်ကလည်း ” ကျနော်လည်း စီးတီးက အခက်ခဲဆုံး ပြိုင်ဘက်ဆိုတာကို ပြန်ပြောလို့ ရပါတယ်။ ဘိုင်ယန်နည်းပြဘဝတည်းက သူ့ကို ရင်ဆိုင်ရ ခက်ခဲခဲ့တာပါ။ ဒီနှစ်တွေမှာ ကျနေ်ာတို့တွေ အချင်းချင်း တွန်းအားပေးနေခဲ့တာပါ။

ဒီစကားကို အရင် ပြောခဲ့ဖူးပါလိမ့်မယ်။ ဒီနှစ်တွေမှာ ကျနေ်ာတို့ မရှိရင် ဖေဖော်ဝါရီလလောက်ဆို စီးတီးက ချန်ပီယံဖြစ်နေပါပြီ။ သိပ်ကို မြင့်မားတဲ့ အဆင့်မှာ ရှိနေဖို့ ကျနေ်ာတို့က အချင်းချင်း တွန်းအားပေးနေတာဖြစ်ပါတယ်။ ကျနေ်ာတို့ မရှိရင် ဒီနှစ်တွေမှာ စီးတီးက အမှတ်တွေ အများကြီး ရနေမှာ မဟုတ်သလို သူတို့ မရှိဘဲ ကျနေ်ာတို့လည်း အခုလို ရမှတ်တွေ ရနေမယ် မထင်ပါဘူး ” လို့ ပြန်လည် ချေပသွားတာဖြစ်ပါတယ်။

ဒီရာသီ စီးတီးတို့ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်နိုင်ခဲ့မယ်ဆိုရင် လီဗာပူးအသင်းဟာ နောက်ဆုံး ၅ ရာသီမှာ စီးတီးထံကနေ ဆုဖလားကို တစ်ကြိမ်တည်းသော လွဲပြောင်းယူနိုင်တဲ့ အသင်းဖြစ်နေပါလိမ့်မယ်။

အင်္ဂလန်လိဂ်ရဲ့ အကောင်းဆုံး နှစ်သင်းဟာ လာမယ့်လ အီသီဟက်မှာ ထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး အဆိုပါပွဲက ဒီရာသီအတွက် အကောင်းဆုံးနဲ့ အပြင်းထန်ဆုံး ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေခဲ့ပါပြီ။