နွေမှာ ခေါ်ယူမယ့် ကစားသမားကို အခုတည်းက ကြိုတင် ပြောပြလာခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာက ဒီနွေမှာ သူ့အသင်းဟာ အထောင်တိုက်စစ်သမားတစ်ဦး သေချာပေါက်ကို ခေါ်ယူဖို့ လိုအပ်ပါတယ်လို့ ထုတ်ပြောလိုက်ပါပြီ။

နွေအပြောင်းအရွှေ့တုန်းက မန်စီးတီးအသင်းဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပေါင် သန်း ၁၀၀ ထိ ပေးခဲ့ပေမယ့် စပါးဘက်က ပိုများတဲ့ တောင်းဆိုမှုနဲ့အတူ အပြောင်းအရွှေ့ ပျက်ခဲ့တာဖြစ်တယ်။ စီးတီးဟာ ကလပ်စံချိန်တင်ကြေးနဲ့အတူ ဂရီလစ် တစ်ဦးတည်းကို ခေါ်ယူခဲ့ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့တုန်းကပဲ မန်စီးတီးဟာ ရေးဗားပလိတ်ကနေ အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်ဇ်ကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ တိုက်စစ်ကစားသမားဟာ နွေရာသီကျရင် မန်စီးတီးကို ရောက်ရှိလာဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဂွာဒီယိုလာ အလိုရှိနေတာက အဂွယ်ရိုနေရာ အစားထိုးမယ့် နံပါတ် ၉ နေရာ တိုက်စစ်သမား တစ်ဦးဖြစ်နိုင်ပါတယ်။ ဒီရာသီမှာ ဖိုဒန်၊ ဂျီးဆုတို့က အဆိုပါ နေရာကနေ ကစားနိုင်ပေမယ့် ပုံမှန် သွင်းဂိုးရယူနိုင်မယ့် တိုက်စစ်မှူးဟာ မန်စီးတီးအသင်းရဲ့ လိုအပ်ချက် ဖြစ်လာနေတာပါ။

“ ကလပ်က တိုက်စစ်သမားတစ်ဦးကို လိုအပ်နေတယ်လို့ ကျနော် ထင်တယ်။ ကျနေ်ာတို့ ကြိုးစားခဲ့ပေမယ့် တစ်ခါတစ်လေတော့လည်း ကိစ္စတွေက မဖြစ်လာနိုင်ပါဘူး။ ကျနော်တို့အတွက် တစ်ခုခု ထူးရှယ်ဆိုတာမျိုး မပေးနိုင်ဘူးဆိုရင်တော့ အပြောင်းအရွှေ့ကနေ ခေါ်ယူမှာ မဟုတ်ပါဘူး။

ကျနော်က ကစားသမား ၁၄၊ ၁၅၊ ၁၆ ယောက်လောက်နဲ့ အကယ်ဒမီက ၅ ယောက်၊ ၆ ယောက်လောက် ရှိနေရင်လည်း အဆင်ပြေတဲ့သူပါ။ ကျနေ်ာတို့ တိုက်စစ်သမားတစ်ဦး လိုပါတယ်။ ကလပ်က ကြိုးစားပေးမယ်လို့လည်း ထင်ပါတယ်။ ခေါ်ဖြစ်ခဲ့ရင်တော့ ခေါ်ဖြစ်တာပဲပေါ့။ မခေါ်ဖြစ်ဘူးဆိုရင်လည်း ကျနေ်ာတို့ စောင့်သွားမှာပါ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စီးတီးဟာ ဇန်နဝါရီကပဲ ဘာစီလိုနာထံ ဖာရန်တောရက်စ်ကို ပေါင် ၅၅ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူးအသစ်တစ်ယောက် ရှာဖွေနေခဲ့သေးတာ ဖြစ်ပါတယ်။ သူတို့ဟာ ဥရောပက ထိပ်တန်း တိုက်စစ်သမားတွေကို စောင့်ကြည့်နေကာ ဟာလန်း၊ ဘာပေးတို့လို ကစားသမားတွေကလည်း ပစ်မှတ်စာရင်းထဲ ပါဝင်နေတာဖြစ်ပါတယ်။