ရော်နယ်ဒို မန်စီးတီးကိုသာ ရွေးခဲ့ရင် အခုလောက် အဖြစ်ဆိုးနေမှာ မဟုတ်ဘူး ဆိုတဲ့ ဂျွန်ဘန်းစ်
ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာစီးတီးကို မပြောင်းရွှေ့ ခဲ့မိတာ ကို နောင်တ ရနေလောက်ပြီ လို့ လီဗာပူးလ် ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ ဂျွန် ဘန်းစ်က ပြောကြားလိုက်ပါတယ်။
ရော်နယ်ဒိုက ပြီးခဲ့တဲ့သြဂုတ်လမှာ အီတီဟတ်ကို ပြောင်းရွှေ့ဖို့အတွက် အလေးအနက်ပြောဆိုမှုတွေ ပြုလုပ်နေ ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့ခဲ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ပထမဆုံး ပါဝင်ကစားပေးခဲ့တဲ့ ၁၁ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပြီး အိုးထရက်ဖို့ဒ်မှာ ကစားသမားဘဝကို အကောင်းဆုံးပုံစံနဲ့ ပြန်လည်စတင်နိုင်ခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ နောက်ဆုံး ၁၀ ပွဲမှာ ၁ ဂိုးသာ သွင်းယူ ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဘန်းစ်က ရော်နယ်လ်ဒိုရဲ့ ယူနိုက်တက်အသင်းဖော်တွေဟာ ပြီးခဲ့တဲ့လတွေအတွင်း အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူး ဘာကြောင့် ရုန်းကန်နေရတာလဲဆိုတဲ့ ကြီးမားတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“သူ့ရဲ့သွင်းဂိုးမှတ်တမ်းတွေက အသက် ၃၇ နှစ်အရွယ် ကစားသမား တစ်ဦးအတွက်ဆိုရင် အရမ်းကောင်းပါတယ်။ ဒါပေမယ့် သူသာ မန်စီးတီးကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူ အခုဆို ၂၅ ဂိုးလောက် ရကောင်း ရနေပြီး ယခုရာသီရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ကိုတောင် ချိန်ရွယ်နိုင်နေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။
ဘာလို့လဲဆိုတော့ ကစားသမားကောင်းတွေရှိနေတာက သူ့အတွက် အများကြီး ပိုမိုလွယ်ကူစေမှာမို့လို့ပါ။ မန်စီးတီးမှာ ဆို သူတို့တွေက သူ့ကို ဘောလုံးပေးဖို့ ကစားကွက်အမြင်နဲ့ နည်းစနစ်ပိုင်းကောင်းမွန်မှုတွေ ပိုင်ဆိုင်ထားပြီး ယူနိုက်တက်က ကစားသမားအချို့ကတော့ သူ့ကို ဂိုးသွင်းနိုင်အောင် လုပ်ပေးနိုင်လောက်တဲ့ အမြင်မျိုး မရှိဘူးဆိုတာ ရှင်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်။
ပြီးတော့ အဲဒီမှာ သူ ခြေကျသွားပြီဆိုတဲ့ အခြားအငြင်းအခုံက ရှိနေပြီး သူက လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်လောက်က မြန်နှုန်းမျိုးလည်း မရှိတော့ဘူးတဲ့။ သူ့အတွက် စိတ်ပျက်စရာဖြစ်နေတာက သူအရင်တုန်းက ရနေကျဖြစ်တဲ့ အထောက်အပံ့မျိုး မရရှိတော့ဘဲ လူတွေက သူ့ကို မမြင်တော့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့တော့မယ့်ပုံ ပေါ်နေခဲ့တဲ့အချိန်မှာ ဆာအဲလက်စ် ဖာဂူဆန်နဲ့ ရီယိုဖာဒီနန်၊ ပက်ထရစ် အီဗရာတို့လို အသင်းဖော်ဟောင်းတွေက မြို့ခံပြိုင်ဘက်အတွက် မကစားဖို့ တောင်းဆိုခဲ့ကြပြီး ရော်နယ်ဒိုက မန်ယူသို့ ပြန်ဖို့ ရွေးခဲ့တာပါ။