ချဲလ်ဆီး ကစားသမားဟောင်း ရွေးချယ်တဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ၃ သင်း

ချဲလ်ဆီး နောက်ခံလူဟောင်း ဖြစ်သူ ဖရန့်လီဘောက်ဖ်က ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲနိုင်ရန် ရေပန်းအစားဆုံး အသင်း ၃ သင်းကို ရွေးချယ်ပေးသွားခဲ့ပါတယ်။

လီဘောက်ဖ်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ရန် ရေပန်းအစားဆုံး အသင်းတွေက လီဗာပူး မန်စီးတီး ဘိုင်ယန်မြူးနစ် တို့ထဲက တစ်သင်းသင်းလို့ မြင်နေပြီး သူတို့ထဲက တစ်သင်းက ဥရောပ ချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့ မှတ်ချက်ပေး လိုက်ပါတယ်။

မန်စီးတီးကတော့ လစ္စဘွန်းမှာ စပို့တင်းကို ၅-၀ နဲ့ နိုင်ထားခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေကလည်း မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ကို ၄-၁ နဲ့ ခြေစွမ်းပြကာ အနိုင်ရရှိထားပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ ဘွန်ဒက်လီဂါ ဆုဖလားကို ၁၀ ကြိမ် ဆက်တိုက် ဆွတ်ခူးဖို့ များနေပြီး ပထမအကျော့က ဆဲဘတ်နဲ့ ၁-၁ သရေကျထားခဲ့ပေမယ့်လည်း အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် နောက်တဆင့်ကို တက်ဖို့ အခြေအနေကောင်းနေပါတယ်။

လီဗာပူးနဲ့ ချဲလ်ဆီးကလည်း ပြည်တွင်းလိဂ်တွေမှာ ရလဒ်တွေ ကောင်းနေသလို ချန်ပီယံလိဂ် ကွာတားအဆင့်ထံ လီဗာပူးက တက်ရောက်ခဲ့ပြီဖြစ်ကာ ချဲလ်ဆီးကလည်း တက်ရောက်ဖို့ အခြေအနေကေကာင်းနေပါတယ်။

လီဘောက်ဖ်က “ လီဗာပူး မန်စီးတီး နဲ့ ဘိုင်ယန်မြူးနစ် တို့ထဲက တစ်သင်းသင်းပဲ ဗိုလ်စွဲမှာပါ။ မန်စီးတီးဟာ ချန်ပီယံလိဂ်ဖလားကို တအားကို လိုချင်နေတာ ဖြစ်ပြီး ခင်ဗျားတို့ စီးတီး ပရိတ်သတ်တွေကို မေးကြည့်လိုက်ပါ။ ပရီးမီးယားလိဂ်ဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလား ဘယ်ဟာကို ပိုလိုချင်သလဲ ဆိုတာ ချန်ပီယံလိဂ်လို့ သူတို့ အားလုံး ပြောကြပါလိမ့်မယ်။

လီဗာပူး ကလည်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ သမိုင်းကြောင်းကို ခင်ဗျားတို့ ကြည့်ကြည့်လိုက်ပါ။ ချဲလ်ဆီးကတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ် ဗိုလ်စွဲထားခဲ့တဲ့ သမိုင်းကြောင်း ရှိနေပြီး ဒါဟာ ကလပ်အတွက် အရမ်းကောင်းပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။