မန်စီးတီးက ဒီရာသီ ဖလား ၃ လုံး ယူမယ်လို့ ယုံကြည်ချက် ရှိရှိ ပြောလာတဲ့ ဂိုးသမား အီဒါဆန်

မန်ချက်စတာ စီးတီး ဂိုးသမား အီဒါဆင်ကတော့ ဒီရာသီမှာ စီးတီးက ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား တို့ကို ကျိန်းသေပေါက် ရယူနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ရည်မှန်းထားတဲ့အရာကို အပြည့်အဝ ရရှိအောင် လုပ်နိုင်စွမ်းရှိတာ ကျိန်းသေပါတယ်။ အဲဒါက ဘယ်လောက်ခက်လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အင်္ဂလန်က ရာသီဟာ အရမ်းပြင်းထန်ပါတယ်။ အဲဒါက တသင်းလုံးဆီကနေ အရမ်းကို တောင်းဆိုမှုများပါတယ်”

“ကျွန်တော်တို့မှာ အဲဒါကို လုပ်နိုင်တဲ့ အရည်အသွေးရှိပါတယ်။ ကျွန်တော်တို့ အရင်တုန်းကလည်း အဲဒါကို ပြသခဲ့ပြီး အခုအချိန်မှာလည်း ပြသနေပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် နောက်တဆင့်တက်ဖို့ဆိုတာ တစ်လှမ်းချင်းစီ သွားရမှာပါ”

“ပြိုင်ပွဲတိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း တစ်လှမ်းချင်း သွားပြီး အနာဂတ်မှာ ကြီးမားတဲ့အရာတွေကို ရရှိဖို့အတွက် ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

နည်းပြ ပက် ဂွါဒီယိုလာရဲ့အသင်းဟာ နောက်ထပ်တစ်ကြိမ် ဆုဖလားများစွာအတွက် ယှဉ်ပြိုင်နေတာဖြစ်ပြီး လက်ရှိ ပါဝင် ပတ်သက် နေသေးတဲ့ ပြိုင်ပွဲ ၃ ခုစလုံးမှာ အောင်မြင်မှု ရရှိနိုင်မယ့် အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ ရာသီမှာ ၃ ကြိမ်အထိ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပီးဖြစ်တဲ့ မန်စီးတီးဟာ လက်ရှိ အမှတ်ပေးဇယား မှာတော့ ဒုတိယနေရာက တစ်ပွဲလျော့နေတဲ့ လီဗာပူးလ်နဲ့ ၆ မှတ်အကွာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ စပို့တင်း လစ္စဘွန်းကို ၅-၀ နဲ့ အနိုင်ရရှိထားတာကြောင့် ကွာတားဖိုင်နယ်ကို ထူးခြားဆန်းကြယ်တာတွေ မဖြစ်လာခဲ့ဘူးဆိုရင် ကျိန်းသေပေါက် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်မှာ ဆောက်သမ်တန်နဲ့ တွေ့ဆုံ နေတာဖြစ်ပြီး ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် အီဒါဆင်က အသင်းမှာ အောင်မြင်မှုတွေ ရရှိဖို့ ယုံကြည်ချက်တွေ မြင့်မားနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။