ပကျော့ ဂိုးပြတ်သွင်းထားလို့ ဒုကျော့မှာ စပို့တင်းကို ညှာတာပြီး ကွာတားပဲ အေးဆေးတက်သွားတဲ့ မန်စီးတီး
မန်စီးတီးတို့ ပထမအကျော့က အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရထားတာကြောင့် ဒီပွဲကို ဖိအားကင်းကင်းနဲ့ ကစားခွင့်ရခဲ့ပါတယ်။ နောက်တန်းမှာ ဒဏ်ရာနဲ့ပွဲပယ်ပြဿနာတွေရှိနေပေမယ့် တပွဲလုံး အသာစီးယူပြီး စပို့တင်းကို သက်သောင့်သက်သာနဲ့ပဲ ကစားခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးနောက်တန်းက ရယ်လီ၊ စတုန်းစ်၊ လာပေါ့တ်၊ ဇင်ချန်ကိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ဖာနန်ဒင်ဟို၊ ဂွန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့ ပါဝင်ခဲ့ပါတယ်။ တိုက်စစ်မှာတော့ ဂျေးဆု၊ ဖိုဒန်၊ စတာလင်တို့ပါဝင်ခဲ့ပြီး ဒီဘရိုင်း၊ ဂရီလစ်ရှ်၊ မာရက်ဇ်၊ ရိုဒရီတို့ကို အနားပေးခဲ့ပါတယ်။
မန်စီးတီး ဝါရင့်ဂိုးသမားကြီး ကာဆန်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို နောက်ဆုံးကစားခဲ့ရတာကသူ့အသက် ၁၉ နှစ် အရွယ်မှာ ဖြစ်ဖြစ်ပြီး လက်ရှိသူ့အသက်က ၃၆ နှစ်ဖြစ်တာကြောင့် ၁၆ နှစ်နဲ့ ၃၃၈ ရက်အကြာမှာချန်ပီယံလိဂ်ပွဲစဉ်ကို ပထမဆုံး ပြန်ကစားခဲ့ရတာပါ။
စပို့တင်းလစ္စဘွန်းကတော့ ဆလီမန်နီ၊ ဆာရာဘီးယား၊ ပေါ်လင်ဟိုနဲ့ ကိုအာတက်စ်တို့ကို အမာခံထားပြီး အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ခဲ့ပါတယ်။
မန်စီးတီးကတော့ တပွဲလုံး ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ပဲ စပို့တင်းလစ္စဘွန်းကို ဖိအားပေးကစားခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာတော့ ဂိုး မရရှိခဲ့ပါဘူး။
ဒုတိယပိုင်းမှာ ဂျေးဆု တဂိုး သွင်းခဲ့ပေမယ့် ပယ်ဖျက်ခံခဲ့ရပါတယ်။ မန်စီးတီးအတွက် လတ်တလော အရေးကြီးဆုံးက ပရီးမီးယားလိဂ် ဖြစ်သွားခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်လို ပွဲမျိုးမှာ ဖိအားကင်းကင်းနဲ့ ကစားခွင့် ရခဲ့တာလည်း အကျိုး ရှိစေပါတယ်။
ဒုတိယပိုင်းမှာ မာရက်ဇ်၊ မက်အတီတို့ ဝင်ကစားခဲ့ပြီး ပွဲကိုတဖက်သတ်ပဲ စီးထားခဲ့ပေမယ့် သွင်းဂိုးတွေကို မမြင်တွေ့ ခဲ့ရဘဲ ပထမအကျော့က ရလဒ် ၅-၀ ဂိုးနဲ့ပဲ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။