ချယ်ဆီး ရင်ဆိုင်နေရတဲ့ အခြေအနေအတွက် ဂွာဒီယိုလာက သူ့အမြင်ကို ထုတ်ပြောလာပါပြီ
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ လက်တလော ဖြစ်ပေါ်နေတဲ့ ချယ်ဆီးအသင်းရဲ့ အခြေအနေတွေကို သူ နားမလည်ပါဘူးလို့ ထုတ်ပြောလာခဲ့ပါတယ်။
ဗြိတိန်ဘက်က အေဘရာမိုဗစ်ကို ပိတ်ဆို့မှု ပြုလုပ်လိုက်ပြီဖြစ်ကာ အဆိုပါ ပိတ်ဆို့မှု နောက်ဆက်တွဲအဖြစ် ချယ်ဆီးအသင်းကို ရောင်းချလို့ မရတော့သလို ကလပ်ဟာ ပွဲနေ့ လက်မှတ်ရောင်းချခွင့်၊ အသင်းထုတ်ကုန် ရောင်းချခွင့်နဲ့ သက်တမ်းတိုးစာချုပ် ညိနှိုင်းခွင့်တွေမှာပါ ပိတ်ပင်ခံခဲ့ရပါတယ်။
လက်ရှိ ဗြိတိန်အစိုးရရဲ့ လက်အောက်မှာတော့ ချယ်ဆီးအသင်းကို ရောင်းချခွင့်ရမှာ မဟုတ်ဘဲ ကလပ်ကို ရောင်းချခြင်းဖြင့် ရလာတဲ့ အကျိုးအမြတ်ကို ရုရှားသမ္မတ ပူတင်ရဲ့ အဆက်အနွယ် တစ်ဦးဖြစ်တဲ့ မိုဗစ် လက်ထဲ မရောက်ဖို့ကို အာဏာပိုင်တွေက ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ မိုဗစ်အနေနဲ့ အယူခံဝင်လို့လည်း အဆင်ပြေဖွယ် မရှိဘူးလို့ သိရပါတယ်။
ချယ်ဆီးရဲ့ အခြေအနေကို တိတိကျကျတော့ နားမလည်ပေမယ့်လို့ တူချယ်နဲ့ ချယ်ဆီး အသင်းသားတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဂွာဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။
” ဗြိတိန်အာဏာပိုင်တွေက ဘာလို့ ချယ်ဆီးကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်နေလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါတွေကို နားလည်နိုင်ဖို့လည်း အချိန်အနည်းငယ် ယူရပါဦးမယ်။ ပြီးတော့ ကျွန်တော်က ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုလည်း မသိပါဘူး။
ဒါပေမယ့် တူချယ်နဲ့ သူ့ရဲ့ ကစားသမားတွေ အတွက် စိတ်မကောင်းပါဘူး။ သူတို့က အဲ့ဒီနေရာမှာ အလုပ်လုပ်ဖို့ ရောက်နေကြတဲ့ လူတွေပါ။ ဒီဖြစ်ရပ်ကြောင့် သူတို့တွေ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရမယ် ဆိုတာ နားလည်ပါတယ်” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အေဘရာမိုဗစ်ချ် ကျခံရမယ့် ပြစ်ဒဏ်တွေရဲ့ အကျိုးဆက်အဖြစ် ဗြိတိန်အစိုးရက သူ ပိုင်ဆိုင်တဲ့ ချယ်ဆီးရဲ့ ဝင်ငွေ ၊ ထွက်ငွေတွေ အားလုံးကို ထိန်းချုပ် ကန့်သတ်လိုက်ပြီး ချယ်ဆီးအနေနဲ့ ကွင်းဝင်ကြေးတွေ ရုပ်သံလွင့်ခတွေကနေ ရလာတဲ့ ငွေကြေးတွေကိုပါ သုံးစွဲခွင့် မရှိတော့ဘူးလို့ သိရပါတယ်။