မန်စီးတီး တာဝန်ရှိသူတွေက ရေရှည်အတွက် ရည်ရွယ်ပြီး ချယ်ဆီးစတားကို ချိန်ရွယ်

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ ကလပ်ရဲ့ ညာအစွန် ကစားသမား ကိုင်လီ ဝေါ်ကာနေရာ ရေရှည် အစားထိုးဖို့အတွက် ချယ်ဆီးအသင်းမှ ညာအစွန်လူ ရိစ်ဂျိမ်းကို ခေါ်ယူဖို့ ရွေးချယ်ထားတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ကုန်ခဲ့တဲ့ နှစ်တွေမှာ မန်စီးတီးဟာ တည်ငြိမ်တဲ့ ခံစစ်ကြောင်းကို အားကိုးနေရပြီး အစွန်နေရာမှာ ဝေါ်ကာနဲ့ ကန်ဆယ်လိုတို့က တောက်ပတဲ့ ခြေစွမ်းတွေဖြင့် အကူအညီပေးနေတာပါ။ ဝေါ်ကာဟာ မကြာခင် လတွေမှာပဲ အသက် ၃၂ နှစ် ပြည့်တော့မှာ ဖြစ်လို့ သူ့နေရာကို အစားထိုးမှု ပြုလုပ်ရေးအတွက် မန်စီးတီးက စီစဉ်လာတာ ဖြစ်ပါတယ်။

၂၀၁၇ မှာ စပါးကနေ မန်စီးတီးကို ပြောင်းလာပြီးနောက် ဂွာဒီယိုလာရဲ့ အသင်းအတွက် တောက်ပတဲ့ ခြေစွမ်းတွေ ဆက်တိုက် ပြသခဲ့တဲ့ ဝေါ်ကာဟာ ၄ ရာသီအတွင်း စီးတီးနဲ့ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် အောင်မြင်ခဲ့တယ်။ သူဟာ စီးတီးနဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိထားသူလည်း ဖြစ်ပါတယ်။

လာမယ့် နှစ်နှစ်အတွင်းမှာ ညာအစွန်အတွက် လူသစ်ရှာဖို့ကို စီးတီးဘက်က အားထုတ်ရမှာဖြစ်တယ်။ စီးတီးဟာ အထောင်တိုက်စစ်မှူးနေရာကို ဦးစားပေးအဖြစ် အားဖြည့်မှာဖြစ်ပေမယ့် ညာခြမ်းအတွက်လည်း တိုးတက်မယ့် အခြေအနေတွေကို လေ့လာစမ်းစစ်နေတာဖြစ်ပါတယ်။

ဗြိတိန်အစိုးရက ချယ်ဆီးအသင်းကို ပိတ်ဆို့မှုတွေ ချမှတ်ခြင်းနဲ့အတူ ကစားသမား အချို့ဟာ ဒီနွေမှာ လန်ဒန်ကလပ်ကနေ ထွက်ခွာနိုင်ပါတယ်။ ချယ်ဆီးရဲ့ စတားကစားသမားတွေကို ခေါ်ယူခွင့် ရှိလာမယ်ဆိုရင် ဝေါ်ကာနေရာ အစားထိုးနိုင်မယ့် ရိစ်ဂျိမ်းဟာ မန်စီးတီးအသင်း မျက်စိကျရတဲ့ ကစားသမားအဖြစ် ရှိနေပါတယ်။

အသက် ၂၂ နှစ်အရွယ် အင်္ဂလန်သား ညာအစွန်လူဟာ ချယ်ဆီးအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ် ချုပ်ဆိုထားသူဖြစ်တယ်။ ချယ်ဆီးအသင်းရဲ့ အနာဂတ် မရေရာခြင်းနဲ့အတူ ကလပ်က ကစားသမား ရောင်းချမှုတွေ ပြုလုပ်လာချိန်မှာ အခွင့်အရေးရမယ်ဆိုရင် မန်စီးတီးတို့ ဈေးကွက်ထဲ ဝင်ရောက်လာဖို့ ရှိနေတာဖြစ်ပါတယ်။