ရီးရဲလ်မက်ဒရစ် သွားချင်နေတဲ့ ဟာလန်းကို ပါးနပ်စွာ ချုပ်ကိုင်စည်းရုံးနိုင်ခဲ့တဲ့ မန်စီးတီး
ရီးရဲလ်မက်ဒရစ်သို့ သွားချင်ခဲ့တဲ့ ဒေါ့မွန်တိုက်စစ်သမား ဟာလန်းကို ခေါ်ယူနိုင်ရေးအတွက် မန်စီးတီးဟာ ထူးခြားတဲ့ အချက်အလက်တွေနဲ့ ကြိုးစား စည်းရုံးသွားတော့မယ်လို့ The Times သတင်းစာ က ဖော်ပြပါတယ်။
အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားကို ဒီနွေမှာ ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းဖြင့် ခေါ်ယူခွင့်ရမှာဖြစ်ကာ မန်စီးတီးက ကစားသမားအတွက် သိပ်ကို အဆင်ပြေမယ့် ကမ်းလှမ်းမှုတစ်ခု ပေးသွားဖို့ ပြင်ဆင်ထားတယ်။ အဲ့အတွက်လည်း ပြောင်းရွှေ့ကြေးနဲ့ အေးဂျင့်ကြေးတွေအပါ ပေါင် သန်း ၁၀၀ သုံးဖို့ကို စီးတီးက အဆင်သင့် ရှိနေပါတယ်။
ဒေါ့မွန်ကနေ မန်စီးတီးထံ ပြောင်းလာပြီး ၅ နှစ် ကစားပေးဖို့နဲ့ အဆိုပါကာလ ပြီးရင်တော့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းလိုက ပြောင်းခွင့်ပေးမယ်ဆိုတဲ့ ညိနှိုင်းမှု ပါဝင်မှာဖြစ်ပါတယ်။
ဟာလန်းဟာ ကစားသမားဘဝမှာ ပွဲပေါင်း ၁၉၀ ကစားထားပြီး သွင်းဂိုး ၁၄၉ ဂိုး သွင်းယူထားတာဖြစ်လို့ သူ့ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အတော်လေး ပြည့်စုံတဲ့ အားဖြည့်မှု ဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။
မန်စီးတီးတာဝန်ရှိသူတွေနဲ့ ဟာလန်းရဲ့ ကိုယ်စားလှယ် တို့ဟာ တွေ့ဆုံဆွေးနွေးပြီး ပုဂ္ဂိုလ်ရေးပိုင်းတွေကို ညိနှိုင်းမှု ယူခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအပြောင်းအရွှေ့အတွက် ဒေါ့မွန်ကို ပေးရမယ့် ပြောင်းရွှေ့ကြေးနဲ့ အေးဂျင့် ရွိုင်းအိုလာကို ပေးရမယ့် အေးဂျင့်ကြေး အပါအဝင် ပေါင် သန်း ၁၀၀ ကို လျော့ကျဖို့တော့ မရှိပါဘူး။ ဘဏ္ဍာရေးပိုင်းအရလည်း မန်စီးတီးဟာ အဆိုပါ ငွေကြေးကို သုံးစွဲနိုင်တာကြောင့် ဟာလန်းကိုပဲ ဦးစားပေး ပစ်မှတ်အဖြစ် ကြိုးစားမှာပါ။
ဘာစီလိုနာနဲ့ ပီအက်စ်ဂျီကလည်း ဟာလန်းကို ခေါ်ယူလိုကာ ရီးရဲလ်မက်ဒရစ်ဘက်ကပါ စိတ်ဝင်စားမှု ရှိနေပေမယ့် စီးတီးပေးမယ့် ကမ်းလှမ်းမှုက ကစားသမားအတွက် သိပ်ကို အဆင်ပြေမှာဖြစ်တယ်။ ဟာလန်းရဲ့ ဖခင်ဖြစ်သူ Alfie က စီးတီးမှာ ၃ နှစ် ကစားပြီးမှ လိဒ်ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်လို့ ၎င်းတို့ မိသားစုဟာ မန်ချက်စတာနဲ့ ရေစက် ရှိထားပါတယ်။