ဘာနာဒိုဆေးလ်ဗား သိပ်တော်ပေမယ့် ဘလွန်းဒီအော ဆုမရတဲ့ အကြောင်းအရင်း ပက် ထုတ်ပြော
မန်စီးတီး နည်းပြ ဂွါဒီယိုလာက သူ့ရဲ့ ကစားသမား ဘာနာဒို ဆေးလ်ဗားက အရာအားလုံး လုပ်ပြနိုင်သည့်တိုင် ဘလွန်းဒီအော ဆုကိုတော့ ဆွတ်ခူးနိုင်မှာ မဟုတ်တဲ့ အကြောင်းအရင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
မနေ့ညက ဘလွန်းဒီအောနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပုံစနစ်တွေ ပြောင်းလဲခဲ့တဲ့နောက် ဂွါဒီယိုလာက ဒီလိုပြောကြား လာခဲ့တာ ဖြစ်ပါတယ်။ ဘလွန်းဒီအော်ဆုပေးပုံနဲ့ ပတ်သက်လို့ အတိတ်က အောင်မြင်မှုတွေကို ပြန်လည် ကြည့်ရှုမှာမဟုတ်ဘဲ ယေဘုယျအားဖြင့် တရာသီအတွင်း စွမ်းဆောင်ရည်ကိုသာ အသေးစိတ်ကျကျ သုံးသပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဘာနာဒိုဆေးလ်ဗားဟာ ဂွါဒီယိုလာအတွက်လည်း အရေးပါတဲ့ ကစားသမားဖြစ်ပြီး အဆိုပါပေါ်တူဂီသားနဲ့ ပတ်သက် လို့တော့ ဂွါဒီယိုလာက အခုလိုပဲ ပြောကြားလာပါတယ်။
ဂွါဒီယိုလာက “ဘာနာဒိုဆေးလ်ဗားက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဟုတ်၊ မဟုတ် ကျနော် မသိပါဘူး။ ဂရုလည်းမစိုက်ပါဘူး။
ကျနော်မြင်တာကတော့ သူက သိပ်အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားတယောက်ပဲဗျ။ ခံစစ်ကစားမလား၊ တိုက်စစ်ကစားမလား၊ ဘာပဲဖြစ်ဖြစ် သူက အရာရာတိုင်းကို အကောင်းဆုံး လုပ်ပြနိုင်တဲ့ ကစားသမားတယောက်ပါ။ ဒါပေမယ့် သူက ဘယ်တော့မှ ဘလွန်းဒီအော်ရမှာမဟုတ်ပါဘူး”
“ဘာဖြစ်လို့လဲဆိုတော့ ဘလွန်းဒီအော်လိုချင်ရင် ဆိုရှယ်မီဒီယာ ကောင်းကောင်းသုံးတတ်မှ၊ ဆိုရှယ်မီဒီယာပေါ်မှာ လှုပ်ရှားမှုတွေရှိနေမှ ရမှာပါ။ နိုင်ပွဲတွေရနေရုံနဲ့လည်း မပြီးပါဘူး။ ဒါပေမယ့် ဂိုးတော့ အများကြီး သွင်းပြဖို့ လိုအပ်တယ်ဗျ။ ဒီလိုမျိုး အရာတွေ ဘာနာဒိုဆေးလ်ဗားဆီမှာ မရှိဘူးလေ”
“တနေ့နေ့မှာ ဘာနာဒိုဆေးလ်ဗား ဘလွန်းဒီအော ရသွားရင်တော့ ကျနော် ပျော်ရွှင်မိမှာပါ။ အခြား ကစားသမားတွေ အတွက် ပျော်ရွှင်ခဲ့ရသလို သူ့အတွက်လည်း ကျနော်တို့ ပျော်ရမှာပေါ့။ မန်နေဂျာ တယောက် အနေနဲ့ ကျနော်ပြောရရင် ဘာနာဒိုဆေးလ်ဗားက အရာ အားလုံးကို လုပ်ပြနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။