လီဗာပူး ရဲ့ ရလဒ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေရတယ် လို့ ဖွင့်ဟလာတဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က လီဗာပူးကြောင့် သူတို့ အသင်းမှာ ဖိအားဝင်နေတာမျိုးတွေ လုံး၀ မရှိသော်လဲ ၊ နိုင်ပွဲဆက်တိုက် ရယူနေတဲ့ ယာဂန် ကလော့ပ် ရဲ့ အသင်းကို လစ်လျူရှုထားလို့ မရဘူးလို့ ဝန်ခံသွားခဲ့ ပါတယ်။

ဒီညမှာတော့ မန်စီးတီး ဟာ ဒီရာသီ သူတို့ အသင်းကို အနိုင်ယူထားတဲ့ အသင်း 2 သင်းထဲက တစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့ အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

“ ကျနော် တို့ အနေနဲ့ ကိုယ့်ပွဲစဉ်တွေကိုပဲ အနိုင်ရအောင် ကစားရမှာပါ။ ဖြစ်နိုင်ရင် ချန်ပီယံ တိုက်ပွဲ ပြိုင်ဘက်တွေ ရဲ့ ပွဲတွေမှာလဲ ကိုယ့်စိတ်ကြိုက် ဝင်ကန်လိုက်ချင်တာဗျာ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။

လီဗာပူး က ကျနော့်တို့ ကွင်းထဲကို ကစားဖို့ ရောက်လာတဲ့ တစ်ပွဲပဲ ကစားလို့ရမှာပါ။ ကျန်တဲ့ ပွဲတွေမှာ သွားပြီး လွှမ်းမိုးချင်လို့ မရပါဘူး။ ဒါကြောင့် ဒီည ကစားမယ့် ပဲလေ့ နဲ့ ပွဲမှာ အနိုင်ရလာဒ်ကို ဖော်ဆောင်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားရမှာပါပဲ။

တစ်ချိန်တည်းမှာ ကျနော်တို့ အနေနဲ့ လီဗာပူး ရဲ့ ရလာဒ်တွေကိုလဲ မျက်ခြေမပြတ် စောင့်ကြည့်ရပါတယ်။ အနီးကပ် ပြိုင်ဘက် ဖြစ်နေတော့ ဒါက ထုံးစံလို ဖြစ်နေပါပြီ။

အရင်တုန်းက ပြောခဲ့ဖူးသလို ၊ ဘောလုံးရာသီ တစ်ခု ရဲ့ နောက်ဆုံး အပိုင်းကို ရောက်လာပြီ ဆိုရင် ပွဲစဉ်တိုင်းက အဆုံးအဖြတ်တွေချည်းပါပဲ။ အားလုံး က ဗိုလ်လုပွဲတွေပါ။ ကြားထဲမှာ ကြံ့ခိုင်မှုတွေ ပြန်လည် ပြည့်ဝဖို့ အသက်ရှုခွင့် အများကြီး မရှိပါဘူး။

ဒါဟာ ကျနော်တို့ နဲ့ လီဗာပူး အတွက်ပဲ မဟုတ်ပါဘူး။ အသင်းတွေ အားလုံး အတွက် ပြောတာပါ။ တစ်ချို့ အသင်းတွေက ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးတကြီး တိုက်ပွဲဝင်ကြတယ် ၊ တစ်ချို့ က ယူရိုပါလိဂ် အတွက် ဖြစ်သလို ၊ တစ်ချို့ ဆိုရင် တန်းမဆင်းရဖို့ အတွက် မနည်းကို ကျားကန်နေရတာပါ။

ဒါကြောင့် ရာသီကုန်ခါနီး ရောက်လေ တိုက်ပွဲတွေက ပိုများလာလေလေ ၊ တိုက်ပွဲတိုင်းက အဓိပ္ပါယ် ရှိလာလေလေပါပဲ။ နောက်ဆုံး အချိန်ရောက်တဲ့ အထိ အခုလိုမျိုးပဲ ဆိုရင်တော့ ကျေနပ်စရာပါ။ ဒီလို ဖြစ်လာဖို့ ဘာလုပ်ရမလဲ ဆိုတော့ ကိုယ့် ကစားရမယ့် ပွဲတွေကို အနိုင်ရအောင် ကစားရုံပါပဲ။ ကိုယ်လုပ်နိုင်တာ ဒါပဲ ရှိတာလေ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။