ဘာနာဒိုပြောတဲ့ အမှတ်ပေးချန်ပီယံဖြစ်ရေး လီဗာပူးထက် မန်စီးတီး ပိုသာနေသေးတဲ့ အကြောင်းရင်း
မန်စီးတီးကွင်းလယ်လူ ဘာနာဒိုက ပဲလေစ့်ကို ဝ-၀ သရေကျခဲ့ပေမယ့်လို့ စီးတီးဟာ လီဗာပူးထက် ပိုကောင်းတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
အဝေးကွင်းမှာ စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် ဖြုန်းတီးခဲ့တာကြောင့် သွင်းဂိုး ပျောက်ဆုံးကာ နိုင်ပွဲကိုလည်း လက်လွတ်ခဲ့ရတယ်။ ဒီရလဒ်ကြောင့် အမှတ်ပေးဇယားမှာ လီဗာပူးထက် တစ်ပွဲ ပိုကစားပြီး ၄ မှတ်သာ အခြေအနေကို ရယူထားပါတယ်။
လီဗာပူးအသင်းဟာ ဒီကြားရက်မှာပဲ အာဆင်နယ်နဲ့ အမှတ်ပေးပွဲကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ အာဆင်နယ်ကလည်း ခြေတက်နေတာကြောင့် ပွဲကောင်းဖြစ်လာဖို့ ရှိနေကာ လီဗာပူးက နိုင်ပွဲရမယ်ဆိုရင် စီးတီးနဲ့ ပွဲတူ တစ်မှတ်အကွာ အနေအထားကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
ပဲလေစ့်ပွဲအပြီးမှာ ဘာနာဒိုက ” ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျနော်တို့ ကောင်းကောင်းကစားခဲ့တယ်။ တစ်ကြိမ်၊ နှစ်ကြိမ် လောက်ကလွဲရင် ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ဂိုးတွေသွင်းသင့်ပေမယ့်လို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
၉ ပွဲ ကစားဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အနေအထားက လီဗာပူးထက်စာရင် ပိုကောင်းနေဆဲဖြစ်ပါတယ်။ သူတို့က ကျနော်တို့ ကွင်းမှာ လာကစားရမှာဖြစ်ပြီး အဲ့ပွဲက စိတ်လှုပ်ရှားစရာ ကောင်းပါလိမ့်မယ်။
ပရီးမီးယားလိဂ်မှာက အဝေးကွင်း သွားကစားရတာဟာ ဘယ်အသင်းကွင်းမှာမှ မလွယ်ကူပါဘူး။ သရေကျတာထက်စာရင် အနိုင်ရရင်တော့ အမြဲတမ်း ပိုကောင်းတာပေါ့လေ။ ကျနော်တို့ကလည်း လီဗာပူးထက် ၄ မှတ်သာ အနေအထားကို လိုချင်ခဲ့ပါတယ် ” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ပွဲကျန်တွေမှာတော့ အာဆင်နယ်၊ စပါး၊ ယူနိုက်တက်တို့နဲ့ ထိပ်တိုက်တွေ့ရဖို့ ရှိနေသေးသလို အဲဗာတန်နဲ့လည်း ဒါဘီပွဲ ကစားရဖို့ ရှိနေသေးတာပါ။ ဒါကြောင့် မန်စီးတီးထက်စာရင် ပွဲစဉ်ဇယားက အတော်လေးကို ခက်ခဲကြမ်းတမ်းနေတာဖြစ်တယ်။
လီဗာပူးနဲ့ မန်စီးတီးဟာ ဧပရယ်လထဲ အီသီဟက်မှာ ထိပ်တိုက်တွေ့ကြဖို့လည်း ရှိနေပြီး အဆိုပါပွဲက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံ ဘယ်အသင်းဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးသွားမယ့် အဓိကကျတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။