ပွဲအပြီးမှာ စကားများခဲ့ကြသေးတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ပဲလေ့စ်ဂိုးသမား ဂယ်တီယာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲအပြီးမှာ ပဲလေ့စ်ဂိုးသမား ဂယ်တီယာနဲ့ အမြင်မတူကာ အချင်းများခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့တာပါ။
မန်စီးတီးဟာ အဆိုပါပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ကွင်းအတွင်း လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ဂိုးရနိုင်တဲ့ အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ ဂိုးကံခေမှုတွေကြောင့် အဝေးကွင်းမှာအမှတ်လျှော့ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အမှတ်လျှော့ခဲ့တာက ချန်ပီယံဆုအားပြိုင်မှုမှာ မန်စီးတီးကို ဖိအားဝင်စေခဲ့ပြီး လီဗာပူးထက် တစ်ပွဲပိုကစားပြီး ၄ မှတ် သာ ကွာဟတော့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ပဲလေ့စ်ဂိုးသမား ဂယ်တီယာတို့ စကားများခဲ့တာကို တွေ့ရပါတယ်။
သူတို့နှစ်ဦးကိုကြည့်ရတာ ပွဲအပေါ် ချဉ်းကပ်တဲ့ အမြင်မတူဘဲ ပွဲစဉ်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့တဲ့ ပုံစံပါပဲ။ အဲဒီပွဲစဉ်မှာ ပဲလေ့စ်ဂိုးသမား ဂယ်တီယာက လက်စွမ်းပြခဲ့ပြီး ဒီဘရိုင်းရဲ့ အမိုက်စား Volley ကန်ချက်အပါအဝင် ကာကွယ်မှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ အဆိုပါပွဲမှာ အမှတ်လျှော့ခဲ့တဲ့အပေါ် ပျော်ရွှင်ခြင်း မရှိဘဲ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာပါ။
ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “ကျွန်တော်တို့က ပွဲကောင်းတစ်ပွဲကို ကစားခဲ့တာပါ။အထူးသဖြင့် ပထမပိုင်းမှာ အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ပဲလေ့စ်က ခံစစ်မာပြီး ရစ်သမ်မိခဲ့ပါတယ်။ အချက်အလက်တွေအရတော့ ကျွန်တော်တို့က ပွဲကောင်းတစ်ပွဲကို ကစားခဲ့တယ်ဆိုတာပါပဲ”လို့ ဖွင့်ဟခဲ့ပါတယ်။
မန်စီးတီးဟာ ဒီရာသီ ပဲလေ့စ်နဲ့ နှစ်ကျော့ယှဉ်ပြိုင်ခဲ့ရာမှာနှစ်ပွဲစလုံး အနိုင်ရခြင်း မရှိခဲ့ဘဲ ပထမအကျော့တုန်းကလည်း အိမ်ကွင်း အီတီဟတ်မှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။