ဘယ်လိုပြိုင်ပြိုင် အချိန်တန်ရင် မန်စီးတီးနိုင်မယ် လို့ ဆိုလိုက်တဲ့ အင်္ဂလန် ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်

ပရီးမီးယားလိဂ် ဆုဖလားပြိုင်ဆိုင်မှုမှာ မန်စီးတီးက လီဗာပူးကို အဆုံးမှာ ကပ်သီးလေး အသာရရှိသွားမယ်လို့ အင်္ဂလန် လက်ရွေးစင် ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ် က ထင်နေပါတယ်။

မန်စီးတီးရဲ့ ပဲလေ့စ်နှင့် ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဆုဖလားပြိုင်ဆိုင်မှုမှာ လီဗာပူးအတွက် ယုံကြည်မှုတွေ ပိုပြီးတိုးလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ဆုဖလားအတွက် ရာသီကုန်အထိ အကြိတ်အနယ် ယှဉ်ပြိုင် ကစားသွားရမှာဖြစ်တယ်လို့ ဂျိမ်းစ်က ပြောထားတာပါ။

ဂွါဒီယိုလာရဲ့အသင်းဟာ လက်ကျန်ပွဲစဉ်တွေအားလုံးကို အနိုင်ရရှိသွားမယ်လို့ အသက် ၅၁နှစ်အရွယ် ဂျိမ်းစ်က ယုံကြည်နေပါတယ်။

“ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေကျကာ အမှတ်လျော့ခဲ့ရတာက စိတ်ပျက်ဖို့ကောင်းပါတယ်။ မန်စီးတီး အသင်းက တစ်ပွဲပိုကစားပြီး ၁ မှတ်အသာ ရရှိခဲ့တယ် လို့ ကျွန်တော် ထင်တယ်”

“လီဗာပူးက သူတို့ရဲ့ပွဲစဉ်တွေကို အနိုင်ရရှိဖို့လိုပါသေးတယ်။ ရာသီမကုန်ခင် ကလော့ပ်ရဲ့အသင်းက အမှတ်တွေ လျော့နိုင်သေးတယ်လို့လည်း ထင်မိပါတယ်။ ရာသီမကုန်ခင် မန်စီးတီးကလည်း အမှတ်လျော့သွားနိုင်ပါသေးတယ်”

“နှစ်သင်းထိပ်တိုက်တွေ့ဆုံရဦးမှာ ဖြစ်တာကြောင့် ပွဲစဉ်တွေအားလုံးကိုတော့ သူတို့နှစ်သင်းစလုံးက အနိုင် မရရှိနိုင်ပါဘူး။ သို့သော်လည်း အခြားရှုပ်ထွေးစရာတွေရှိနေသေးတာကြောင့် မန်စီးတီး က အသာရရှိသွားမယ်လို့ ထင်ပါတယ်” လို့ ဂျိမ်းစ်က ပြောပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ အမ်မရိတ်သို့သွားရောက်ကစားရမှာဖြစ်ပြီး အဆင့် ၄ နေရာသို့ ချဉ်းကပ်နေတဲ့ အာဆင်နယ်နှင့်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်နှင့်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ မန်စီးတီးနှင့် အမှတ်ကွာဟမှုက ၁ မှတ်သာ ဖြစ်သွားမှာဖြစ်ပါတယ်။

လီဗာပူးနှင့် မန်စီးတီးတို့ဟာ ဧပြီလ ၁၀ ရက်နေ့တွင် အီသီဟက်မှာတွေ့ဆုံကြမှာဖြစ်ပါတယ်။ နောက်ဆုံး ကစားထား တဲ့ပွဲ မှာ ၂-၂ ဂိုး သရေဖြင့် ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ လက်ကျန်ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ တော့တင်ဟမ်၊ ယူနိုက်တက်တို့နှင့် ကစားရအုံးမှာဖြစ်ပါတယ်။ ဒါ့အပြင် မာဆေးဆိုက်ဒါဘီအဖြစ် ဧပြီ ၂၃ ရက်မှာ အဲဗာတန်နှင့်ရင်ဆိုင်ရမှာပါ။ မန်စီးတီး ကတော့ ထိပ်ဆုံး ၆ သင်းထဲက လီဗာပူးနှင့်သာ ကစားရဖို့ ရှိနေပါတယ်။

သူတိုနှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သလို အက်ဖ်အေဖလားမှာလည်း နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေက ပွဲတွေပိုပြီးကစားသွားရဖို့သာရှိနေပါတယ်။