ပရီးမီးယားလိဂ်ဖလားက မန်စီးတီးလက်ထဲမှာပဲ ရှိနေသေးကြောင်း ရှင်းပြတဲ့ ပေါလ်မာဆန်

အာဆင်နယ်ကို အနိုင်ရပြီး လီဗာပူးက မန်စီးတီးနဲ့ တစ်မှတ်ကွာ အခြေအနေ ရောက်လာပေမယ့်လို့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားက မန်စီးတီးလက်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ပေါလ်မာဆန်က ပြောပါတယ်။

ဂျိုတာ၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုးနဲ့အတူ အဝေးကွင်းမှာ လီဗာပူးတို့ အနိုင်ရခဲ့တာကြောင့် ကလပ်နှစ်သင်းကြားမှာ တစ်မှတ်ပဲ ကွာတော့တာဖြစ်ပေမယ့် ပေါလ်မာဆန်ကတော့ လိဂ်ဖလားဟာ မန်စီးတီးလက်ထဲမှာပါလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ပေါလ်မာဆန်က ‘ မန်စီးတီးက အန္တရာယ်ရှိလာပေမယ့် ဘာတစ်ခုမှ မပြောင်းလဲသေးပါဘူး။ လီဗာပူးက ပွဲတိုင်းကို အနိုင်ရဖို့ လိုနေပါသေးတယ်။ စီးတီးက လီဗာပူးထက် ၁ မှတ်သာနေဆဲပါ။ သူတို့က လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ အကယ်လို့ လက်ကျန် ပွဲတိုင်းကို မန်စီးတီး အနိုင်ရပြီး လီဗာပူးနဲ့ သရေကျမယ်ဆိုရင် သူတို့က ပရီးမီးယားလိဂ်ကို အနိုင်ရသွားမှာပါ။

အမှတ်ပေးဖလားက လီဗာပူးလက်ထဲမှာ မရှိပါဘူး။ ကုန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်လောက်မှာ ၁၄ ပွဲဆက်လို ပွဲတွေကို ဆက်တိုက် အနိုင်ရလေ့ရှိတဲ့ မန်စီးတီးအကြောင်းကို ပြောနေတာ ဖြစ်ပါတယ်။

ဟုတ်တယ်၊ ကျနော်ကတော့ အဲ့လိုပြောမှာပဲ။ အောင်ပွဲကြီးဆိုတာတော့ မှန်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်က ဒီထက် ပိုကောင်းကောင်း မကစားနိုင်တော့ပါဘူး။ ဒါက ပွဲကြီးပါ ဒါပေမယ့် လီဗာပူးက ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းရဲ့ အနောက်မှာပဲ ရှိနေသေးတာပါ။

သူတို့က တစ်မှတ် လျော့နေဆဲဖြစ်တယ်။ ဝတ်ဖိုဒ့်ကို အနိုင်ရမယ်ဆိုရင် သူတို့ ဇယားထိပ်ကို တက်နိုင်မယ်ဆိုတာ ကျနော် သိပါတယ်။ စီးတီးကလည်း ၈ ပွဲဆက် အနိုင်ရလဒ်ဆိုတာမျိုးကို တကယ် ရယူနိုင်တဲ့ အသင်းဖြစ်ပါတယ်။ သူတို့ အဲ့လို ထပ်ပြီး လုပ်နိုင်တာကြောင့် ကျနော် အမြင်မှာတော့ မန်စီးတီးက ပိုသာနေဆဲဖြစ်ပါတယ်။

လီဗာပူးက အီသီဟက်ထံ သွားရဦးမှာပါ။ မန်စီးတီးက သိပ်ကောင်းတဲ့အသင်းဆိုတာ ကျနော် သိတယ်။ အကယ်လို့ အီသီဟတ်ကို သွားကစားချိန်မှာ အာဆင်နယ်ပွဲ ပထမပိုင်းတုန်းကလို ကစားခဲ့မယ်ဆိုရင် သူတို့ အရေးနိမ့်သွားမှာပါပဲ ‘ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲဆိုတာက ဧပရယ်လ ၁၀ ရက်နေ့ မန်စီးတီးနဲ့ လီဗာပူးပွဲက အဆုံးအဖြတ်ဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။