ဟာလန်းကို မန်စီးတီး ခေါ်မယ့်ကိစ္စ သိပ်ဟော့နေလို့ ပြန်လျှောချပြောဆိုသွားတဲ့ ဂွာဒီယိုလာ

ဒေါ့မွန် ကြယ်ပွင့် တိုက်စစ်မှုး ဟာလန်းနဲ့ မန်စီးတီး သဘောတူညီမှု ရထားပြီ ဆိုတဲ့ ကောလာဟလတွေက ဆက်လက် မြင့်တက်လာသလို ဟာလန်းရဲ့ အလားအလာရှိတဲ့ နွေအပြောင်းအရွှေ့ကိစ္စအပေါ် မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ဆွေးနွေးပြောကြားခဲ့ပါတယ်။

ဟာလန်းက ဒီနွေမှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိပြီး မန်စီးတီး၊ ဘာကာ အပါအဝင် ထိပ်တန်းကလပ်များစွာက သူ့ကို အလိုရှိနေကြပြီး စီးတီးက ကြိုတင်သဘောတူညီမှု ရပြီလို့ သတင်းကြီးလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာ ကတော့ ဒီနွေမှာ ဟာလန်းကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေတွေကို လျှောချပြောဆိုခဲ့ပါတယ်။

“ကျွန်တော် ဒီကိုရောက်ကတည်းက ကျွန်တော်တို့တွေ ကစားသမား အယောက် ၅ လောက် ခေါ်ယူတော့မယ်ဆိုပြီး လူတွေက လတိုင်းနီးပါး ပြောနေကြတာပါ။ ဒီမှာ ရှိမနေတဲ့ ကစားသမားတချို့ အကြောင်းကို ကျွန်တောာ် ပြောဖို့ မဖြစ်နိုင်ပါဘူး။ သူက ဒေါ့မွန် ကစားသမား တစ်ယောက်ပါ။ ကျွန်တော်တို့ရှေ့မှာ အာရုံစိုက်ရမယ့်အရာတွေ အများကြီး ရှိနေပါတယ်။

ရာသီကုန်မှာ အပြောင်းအရွှေ့ကာလ ရောက်လာမှာဖြစ်ပြီး အရာတွေအများကြီး ဖြစ်လာပါလိမ့်မယ်။ ဒီကလပ်က နောက် ၆နှစ်၊ ၇နှစ်လောက်အတွက် တိုက်စစ်မှူးတစ်ယောက် လိုအပ်တဲ့အကြောင်းကို ကျွန်တော် နောက်ဆုံး ၁၂ လအတွင်း တစ်ခါလောက်ပဲ ပြောမိလောက်ပါတယ်။

ကျွန်တော်တို့မှာ တိုက်စစ်မှူးတစ်ယောက် မရှိခဲ့လို့ အောင်မြင်တာတွေ၊ မအောင်မြင်တာတွေ ကျွန်တော်က ပြောမယ့်လူ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းကစားပြီး ဧရိယာထဲမှာ ကစားသမား ၇ ယောက်၊ ၈ ယောက်လောက် ရောက်နေဖို့လိုပါတယ်။ ဒါက ဂိုးတွေသွင်းဖို့ အကောင်းဆုံးနည်းလမ်းပဲ။

အခု ကျွန်တော်တို့ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အတွက် ဝင်ဘာလေကိုသွားဖို့ ကြိုးစားနေပါတယ်။ ပြီတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကိုလဲ ရောက်နေပါပြီ။

လီဗာပူးကို အမှတ် ၂၀ လောက် ဖြတ်ထားချင်ပေမယ့် မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ လုပ်ခဲ့တာတွေက အရမ်း aကာင်းပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ ဘာဒဏ်ရာရမှမရပဲ နိုင်ငံတကာသီတင်းပတ်ကနေ ပြန်လာဖို့ ဆုတောင်းပါတယ်”လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။