ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ တွေ့ရမယ့် အပေါ် သူ့အမြင် ဖွင့်ဟလာတဲ့ တီကို နည်းပြ ဆီမြွန်နီ

မနေ့ ညနေက ဥရောပချန်ပီယံလိဂ် ကွာတးဖိုင်နယ်မဲခွဲမှု ပြုလုပ်ခဲ့ရာ နည်းပြ ဆီမြွန်နီ ရဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ်ဖြစ်သည့် မန်စီးတီးနှင့် ထိပ်တိုက်တွေ့ဆုံလာပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်း က မန်ချက်စတာမြို့ခံအသင်းဖြစ်သော ယူနိုက်တက်ကို ရှုံးထွက်အဆင့်မှာ ဖြုတ်ချခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်မှာ နောက်ထပ် မန်ချက်စတာမြို့ခံအသင်းဖြစ်သည့် မန်စီးတီးနှင့် ယှဉ်ပြိုင်ကစားရတော့မှာပါ။

ပက် ဂွာဒီယိုလာဦးဆောင်မှုနှင့်အတူ မန်စီးတီးအသင်းဟာ အံဖွယ်အောင်မြင်မှုများကိုရယူထားနိုင်ပြီး ဒီရာသီ ချန်ပီယံလိဂ် ချန်ပီယံဆုအတွက်လည်း ရေပန်းအစားဆုံးအသင်း တစ်သင်းလည်း ဖြပါတယ်။

ဆီမြွန်နီ ကတော့ ပက် ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းကို လေးစားမှုရှိသော်လည်း ကြောက်ရွံ့နေမည်မဟုတ်ကြောင်း မဲခွဲရလဒ် ထွက်ပေါ် လာအပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” ကျွန်တော်အနေနဲ့ ပက် ကို လေးစားမှုအပြည့်ရှိသလို စီးတီးမှာ သူ လုပ်ပြခဲ့တာတွေကိုလည်း သဘောကျမိပါတယ်။ မန်စီးတီးနဲ့ ရင်ဆိုင်ရမည့်ပွဲစဉ်ဟာ ခက်ခဲမှုအပြည့် ရှိသလို ခမ်းနားတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ ဒီပွဲစဉ်အတွက် အကဲဖြတ်ဖို့ လည်း အချိန်ရောက်လာပါလိမ့်မယ်”

“ဒါပေမယ့် အခုကတော့ ခုကန်ရမယ့် ပွဲစဉ်ကိုပဲ အာရုံစိုက်ထားလို ဒီပွဲအကြောင်းပဲစဉ်းစားနေပါတယ်။ ချန်ပီယံလိဂ် ပွဲစဉ် အကြောင်းကို ကျွန်တော်က ပြောစေချင်တယ်ဆိုတဲ့ ဆန္ဒကို နားလည်ပေမယ့် ကျွန်တော်တို့ အသင်းကတော့ ဗယ်လက်ကာနိုနဲ့ ပွဲစဉ်ကိုပဲ အလေးထားမိနေပါတယ်”လို့ အက်သလက်တီကို မက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီက ဆိုခဲ့တာပါ။