လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒီယက်စ် ပွဲထွက်လာနိုင်မလားကို ဂွါဒီယိုလာ ပြောပြလာပါတယ်
မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အနေနဲ့ အသင်းရဲ့ အဓိကနောက်ခံလူ ရူဘင်ဒီယက်စ် အမြန်ဆုံး ပြန်ကစားနိုင်ဖို့ တွန်းအားပေးနေမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ဒီယက်စ်ဟာ ပီတာဘရော့ချ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား (၁၆) သင်းအဆင့်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်အထိ အနားယူနေရဆဲဖြစ်ပါတယ်။ မန်ချက်စတာဒါဘီပွဲကြိုမှာ ဒီယက်စ် ဒဏ်ရာကြောင့် ၄ ပတ်ကနေ အများဆုံး ၆ ပတ်ထိ အနားယူရမှာဖြစ်ကြောင်း ဂွါဒီယိုလာက ထုတ်ပြောခဲ့တာပါ။
ဒီယက်စ်အနေနဲ့ အနည်းဆုံးတလခွဲ ဝန်းကျင်လောက် အနားယူရဖို့ရှိ နေပေမယ့် အခြေအနေ ပြန်ကောင်းလာနေပြီလို့ ဂွါဒီယိုလာက ပြောပြခဲ့တယ်။
“သူတို့က ကျနော့်ကို ငါးပတ် ခြောက်ပတ်လောက် အနားယူရမယ် ပြောထားပါတယ်။ နိုင်ငံတကာရက်သတ္တပတ် ခံသွားတော့ နည်းနည်းတော့ သက်သာတာပေါ့။ ဒါပေမယ့် ဒီယက်စ် အခြေအနေပိုကောင်းလာပါပြီ” လို့ စီးတီးနည်းပြက ပြောပါတယ်။
“ပြဿနာတခုက ဒီယက်စ်ဇ် ဒဏ်ရာရချိန်မှာ ဆရာဝန်က ဂရုစိုက်ဖို့ ပြောပါတယ်။ အခု ကောင်းနေတယ်ဆိုပေမယ့် တချက်မှားတာနဲ့ ရာသီကုန်တဲ့အထိ အနားယူရနိုင်တဲ့ သဘောမျိုး ပြောခဲ့တာပါ။ ဒီတော့ တံကောက်ကြော အနေအထားက ဂရုစိုက်ရမှာပါ”
“နောက်ထပ် ရက်သတ္တပတ် အနည်းငယ်လောက် ဒီယက်စ်ကို စောင့်ဆိုင်းရမှာပါ။ ဒါပေမယ့် အခုလည်း သူ့ဒဏ်ရာ အခြေအနေက တိုးတက်ကောင်းမွန်လာပါတယ်” လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။
ဒီယက်စ်အနေနဲ့ ဧပြီ (၁၀) မှာ လီဗာပူးနဲ့ ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ပြန်လည် ပါဝင်လာနိုင်ဖို့ ဂွါဒီယိုလာက မျှော်လင့်ထားပါတယ်။ လီဗာပူးအသင်းဘက်မှာတော့ ညာအစွန်လူ အာနိုး တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရပြီး စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်မလား စောင့်ကြည့်နေဆဲဖြစ်ပါတယ်။