လာမယ့် ၆ ပတ်အတွင်း ဟာလန်းအတွက် သဘောတူညီမှု ရဖို့ လိုအပ်နေတဲ့ မန်စီးတီး

ကမ္ဘာဘောလုံးလောကရဲ့ အတောက်ပဆုံး တိုက်စစ်သမား နှစ်ဦးဖြစ်တဲ့ ဟာလန်းနဲ့ ဘာပေးတို့ရဲ့ အပြောင်းအရွှေ့ဟာ လာမယ့် အပတ်တွေမှာ ပိုမို တိကျတဲ့ သတင်းတွေ ထွက်လာဖို့ ရှိနေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က နှစ်ဦးလုံးကို လာလီဂါထံ ခေါ်ယူလိုသလို ပီအက်စ်ဂျီကလည်း ဘာပေးကို လက်လွတ်ရရင် ဟာလန်းနဲ့ ပြန်အစားထိုးဖို့ဆိုတာမျိုးကို ဆန္ဒရှိနေဆဲဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ နှစ်ဦးကို ကျော်ပြီး ဟာလန်းကို ခေါ်ယူနိုင်ရေးမှာ လက်ဦးမှုယူဖို့ မန်စီးတီးဘက်လည်း ကြိုးစားနေပြီဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမား ဟာလန်းဟာ လာမယ့်ရာသီ သူဘယ်အသင်းမှာ ကစားမယ်ဆိုတာကို အခုချိန်ထိ အပြီးသတ် ဆုံးဖြတ်ချက် မလုပ်ရသေးပါဘူး။ တယ်လီဂရပ်က ဖော်ပြမှုအရ ဟာလန်းကို ခေါ်ယူနိုင်ရေးအတွက် လက်တလောမှာ မန်စီးတီးက အနီးစပ်ဆုံး ဖြစ်နေပါတယ်။

မန်စီးတီးက ဟာလန်းအတွက် ကြိုးစားမှုတွေကို လာမယ့် အပတ်တွေအတွင်း ခပ်မြန်မြန် အပြီးသတ်ဖို့ ကြိုးစားဖွယ်ရှိတယ်။ အကြောင်းကတော့ ဒေါ့မွန်အသင်းထံကနေ ဟာလန်းကို ပေါင် ၆၃ သန်းနဲ့ ခေါ်ယူခွင့်ဆိုတာက ဧပရယ်လ ၃၀ ရက်နေ့ နောက်ဆုံးဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာ ဘွန်ဒက်လီဂါကလပ်က တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေးကို သူတို့စိတ်ကြိုက် ဈေးတင်ခွင့်ရှိသွားမှာ ဖြစ်ပါတယ်။

ဟာလန်းနဲ့ ပတ်သက်လို့ သတင်း အစအနတွေ တစ်ခုပြီးတစ်ခု ထွက်လာနေရာမှာ လာလီဂါကလပ် ဘာစီလိုနာကလည်း ဟာလန်းကို ခေါ်ယူရေး လက်မလျော့လိုသေးပါဘူး။ ဒါပေမယ့် ဟာလန်းအတွက် ပေးရမယ့် ကုန်ကျစရိတ်နဲ့ လုပ်ခအတွက် ငွေကြေးပမာဏ ဖြေရှင်းဖို့မှာ ဘာစီလိုနာဘက်က အချိန်လောက်ဖွယ် မရှိဘူးလို့ သိရတယ်။

ဒါကြောင့်လည်း စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်က အပြောင်းအရွှေ့ လုပ်ဆောင်နိုင်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေဆဲဖြစ်တယ်။ မကြာခင် သီတင်းပတ်တွေမှာ ပြောင်းရွှေ့ကြေး၊ လုပ်ခနဲ့ အေးဂျင့်ကြေးငွေကို ဆက်လက် ညိနှိုင်းရဖို့ ရှိသလို ကစားသမားက ဘယ်ကို ပြောင်းလိုသလဲဆိုတာက အရေးပါပါလိမ့်မယ်။

ဂွာဒီယိုလာနဲ့ ဟာလန်းရဲ့ အေးဂျင့် ရွိုင်အိုလာကြား ဆက်ဆံရေးက အဖုအထစ်တွေ ရှိထားပေမယ့် စီးတီးက သူ့ကို ခေါ်ယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ ပိုပို မြင့်တက်လာနေခဲ့ပါတယ်။