စိန့်မေရီမှာ ဂိုးမိုးရွာပြီး FA ဆီမီးဖိုင်နယ်သို့ တက်သွားတဲ့ မန်စီးတီးနဲ့ ပုံပေါ်နေဆဲ ဖလား ၃လုံး အိပ်မက်

အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာတော့ မန်စီးတီးတို့ အဝေးကွင်း စိန့်မေရီမှာ ဆောက်သမ်တန် အသင်းကို ဂိုးမိုးရွာပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အရေးကြီးလာချိန်၊ ချန်ပီယံလိဂ်မှာလည်း ကွာတားရောက်လာချိန်မှာ လာမယ့်တပတ် နိုင်ငံတကာပွဲတွေကြောင့် မန်စီးတီးတို့ လူစုံထုတ်ကစားခဲ့ပါတယ်။

ဂိုးသမားနေရာမှာ စတီဖင်ကလွဲလို့ ဝေါ်လ်ကာ၊ စတုန်းစ်၊ လာပေါ့တ်၊ ကန်ဆယ်လို၊ ရိုဒရီ၊ ဂွန်ဒိုဂန်၊ ဒီဘရိုင်း၊ ဂျေးဆု၊ ဂရီလစ်ရှ်၊ စတာလင်တို့နဲ့ အင်ပြည့်အားပြည့် ပွဲထွက်ခဲ့ပါတယ်။ ဆောက်သမ်တန်ကလည်း ဖော်စတာ၊ လစ်ဗရာမန်တို၊ စတီဖင်စ်၊ ဆာလီဆု၊ ဝေါ်လ်ကာပီတာစ်၊ အမ်းစထရောင်း၊ ရိုမီယူ၊ ဝက်ဒ်ပရော့စ်၊ အယ်လ်ယွန်နက်ဆီ၊ ရှိန်းလောင်းတို့ ပါဝင်ခဲ့ပါတယ်။

မန်စီးတီးအတွက် အဖွင့်ဂိုးကိုတော့ စတီဖင်စ်ရဲ့ အားနည်းချက်ကတဆင့် စတာလင်က သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ လာပေါ့တ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ချေပဂိုးပေးလိုက်ရပြီး ပထမပိုင်းမှာ တဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ အနိုင်ဂိုးတွေ ဆက်တိုက်ရခဲ့ပြီး ဂိုးပြတ်ခဲ့ပါတယ်။

မန်စီးတီးအတွက် ဂိုးတွေကို ဒီဘရိုင်းက ပင်နယ်တီကတဆင့် တဂိုး၊ လူစားဝင်လာတဲ့ ဖိုဒန်၊ မာရက်ဇ်တို့က ပွဲကစားချိန် (၇၄) မိနစ်နဲ့ (၇၇) မိနစ်တို့မှာ ဆက်တိုက် သွင်းယူခဲ့ပြီး မန်စီးတီးတို့ အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေ ဆုဖလားသုံးလုံးလမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်ပြီး မြို့ခံပြိုင်ဘက် ယူနိုက်တက်ရဲ့ တနှစ်အတွင်း သမိုင်းဝင် ဆုဖလားသုံးလုံး အောင်မြင်မှုကို ဒီနှစ်မှာ မန်စီးတီးတို့ ရယူနိုင်မလား စောင့်ကြည့်ရတော့မှာပါ။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်မှာတော့ မန်စီးတီးက မဟာပြိုင်ဘက် လီဗာပူးနဲ့ ထိပ်တိုက် တွေ့နေပြီး ဧပြီ ၁၆ ရက်နေ့မှာ ကစားရမှာပါ။ ဒါကြောင့် ဧပြီ ၁၀ ရက်နေ ပရီးမီးယားလိဂ်ပွဲ အီတီဟတ်မှာ ဧည့်ခံပြီး တစ်ပတ် အကြာမှာ အက်ဖ်အေပွဲ ထပ် ကစားရမှာ ဖြစ်ပါတယ်။