အက်ဖ်အေ ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ အတွဲကျနေတာ သဘောမကျဘူးလို့ လီဗာပူးနည်းပြ ကလော့ပ် ဆို
မနေ့ည အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်မွဲခွဲမှုတွင် မန်စီတီးနှင့် လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ရန်အတွဲ ကျခဲ့ရာ ဒီနှစ်သင်းဟာ ဧပြီလထဲမှာ ခြောက်ရက်အတွင်း နှစ်ပွဲ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ စိန့်မေရီကွင်းမှာ အိမ်ရှင် ဆောက်သမ်တန်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ကလော့ပ် လီဗာပူးအသင်းကလည်း နော့တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိကာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်သို့ တက်လာခဲ့ပါတယ်။ မဲခွဲမှုမှာတော့ ဒီနှစ်သင်း ထိပ်တိုက်တွေ့ပြီး ဆီမီးပွဲကို ဧပြီ ၁၆ ရက်၊ ဝင်ဘလေကွင်းကြီးမှာ ကစားရမှာပါ။
မန်စီတီးနှင့် လီဗာပူးအသင်းတို့ဟာ ဧပြီ ၁၀ ရက်မှာ ပရီးမီးယားလိဂ်ပွဲ အဖြစ် အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို စီးတီးနဲ့ အက်ဖ်အေမှာ မဲပြန်ကျတဲ့ အပေါ် လီဗာပူး နည်းပြ ကလော့ပ်က အခုလို မှတ်ချက် ပေးခဲ့ပါတယ်။
“စီးတီးလည်း ဒါကို ကြိုက်မှာမဟုတ်သလို ကျွန်တော်တို့လည်း ဒါကို မကြိုက်ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲ ပြီးဆုံးဖို့နီး လာတာနဲ့အမျှ မင်းတို့အနေနဲ့ စီးတီးနဲ့ တွေ့ဆုံရနိုင်ခြေ ပိုများလာပါမယ်။ အကယ်၍ စီးတီးနဲ့ စောစောပိုင်းအဆင့်တွေ ရင်မဆိုင်ရရင်တောင်မှ ဆီမီးဖိုင်နယ် ဒါမှမဟုတ် ဗိုလ်လုပွဲ တစ်ခုခုမှာ ယှဉ်ပြိုင်ရပါလိမ့်မယ်”
“ ဒါက ပုံမှန်ပါပဲ။ ချဲလ်ဆီးနဲ့ဆိုရင်လည်း အတူတူပါပဲ။ မင်းအနေနဲ့ စီးတီးတို့ ချဲလ်ဆီးတို့နဲ့ အပတ်စဉ်တိုင်း ယှဉ်ပြိုင် ကစားချင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကို အရမ်း တောင့်တင်းခိုင်မာတဲ့အသင်းတွေ ဖြစ်နေလို့ပါ။ ကျွန်တော်တို့နဲ့ ကစားဖို့ဆိုတာကလည်း အမှန်တကယ် ပျော်ရွှင်မှုလို့ မထင်မိဘူး။ ဒါကပဲ ကျွန်တော်တို့ မမေ့သင့်တဲ့အချက်တစ်ခုပါ”
“အခုကျွန်တော်တို့ သိထားရမှာက ဖလားပြိုင်ပွဲတိုင်း ယှဉ်ပြိုင်နေမယ်ဆိုရင် တစ်ချိန်မဟုတ်တစ်ချိန် စီးတီးနဲ့ ရင်ဆိုင်ရနိုင်သလို စီးတီးကလည်း ကျွန်တော်တို့နဲ့ ရင်ဆိုင်ရနိုင်တာပါပဲ။ ကျွန်တော်တို့နှစ်သင်း ထိပ်တိုက်တွေ့ တာဟာ အိမ်မက်ဆန်တဲ့ မဲခွဲမှုလို့ မမြင်ဘူး။ ဒါပေမယ့် ဒါက ခက်ခဲကြမ်းတမ်းမယ့် ပွဲစဉ်တစ်ခု ဖြစ်သလို စီတီးအတွက်လည်း ခက်ခဲစေမယ်ဆိုတာသေချာအောင် ကျွန်တော်တို့လုပ်သွားရမှာပါ” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။
မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ကံမကုန်ရင် ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲမှာ ထပ်ဆုံဖွယ် ရှိပါသေးတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကတော့ မေ ၂၉ ရက်မှ ဖြစ်ပါတယ်။