မန်စီးတီးရဲ့ ဆုဖလား ၃ လုံး စိန်ခေါ်မှုနဲ့ ပတ်သက်လို့ သုံးသပ်သွားတဲ့ ဂွာဒီယိုလာ
ဘောလုံးရာသီ နောက်ဆုံးနှစ်လအတွင်း ဆုဖလားသုံးလုံးအတွက် တိုက်ပွဲဝင်ရမယ့် အလားအလာကြောင့် စိတ်လှုပ်ရှားနေတယ်လို့ မန်စီးတီးမန်နေဂျာ ပက်ဂွာဒီယိုလာက ဝန်ခံ့ပါတယ်။
ဆုဖလားပြိုင်ပွဲတိုင်းမှာ လမ်းကြောင်းမှန်ပေါ် ရှိနေပေမယ့် အခုချိန်က မန်စီးတီးတို့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားဆိုတဲ့ ဆုဖလား ၃ လုံး အောင်မြင်ဖို့အရေး ပြောသင့်တဲ့ အချိန် မဟုတ်သေးဘူးလို့ သူက ယုံကြည်နေတာပါ။
တနင်္ဂနွေနေ့က အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် ဆောက်သမ်တန်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ လီဗာပူးနဲ့ တွေ့ရမှာဖြစ်တယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးထက် တစ်မှတ်အသာနဲ့ ဦးဆောင်နေသေးတာပါ။
ဘောလုံးရာသီရဲ့ နောက်ဆုံး နိုင်ငံတကာသီတင်းပတ်က အခုစတင်နေပြီး ဒါပြီးရင်တော့ အဓိက ဆုဖလားတွေကို အဆုံးအဖြတ်ပေးမယ့် ဗျာများရတဲ့ နောက်ဆုံး ၈ ပတ် ရောက်လာပါတော့မယ်။ ကစားသမားတွေ အနားယူဖို့လိုတယ်လို့ ဂွာဒီယိုလာက ယုံကြည်နေကာ အဓိက ပြိုင်ပွဲသုံးခုထဲ ဆက်ရှိနေရတာကို ကျေနပ်ကြောင်းလည်း ပြောဆိုပါတယ်။
“ ကျွန်တော်တို့ ဆုဖလားပြိုင်ပွဲ သုံးခုလုံးမှာ ဆက်ရှိနေပါတယ်။ လူတိုင်းက နည်းနည်း အနားယူဖို့ လိုနေတယ်လို့ ကျွန်တော် ထင်တယ်။ ဒီတစ်ပတ် အားလပ်ရက်မှာ ခဏလောက်ဖြစ်ဖြစ် မျက်နှာသစ်တွေကို မြင်တွေ့ရရင် ကောင်းလိမ့်မယ်။ ကျွန်တော်တို့ ပြန်လာပြီးရင် ဘာလုပ်ရမလဲဆိုတာ သိပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရှိတယ်။ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေရှိတယ်။ ဘောလုံးရာသီရဲ့ နောက်ဆုံး ရက်သတ္တပတ်တွေအတွင်း ကျွန်တော်တို့ဟာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်နေရတယ်။ ဒါက သိပ်ကောင်းပါတယ်။ ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ ရှိနေမယ်ဆိုတာ သိရင် ရာသီအစမှာတည်းက ကျွန်တော် ပြုံးနေခဲ့မှာပါ။
ဒီနိုင်ငံမှာ ဖလားသုံးလုံး အောင်မြင်မှု ဘယ်နှကြိမ် ရှိခဲ့လဲ။ လွယ်တော့ မလွယ်ပါဘူး။ နိုင်ငံအသင်းကနေ ကစားသမားတွေ ပြန်လာမှာကို မျှော်လင့်နေပါတယ်။ ဘာလို့လဲဆိုတော့ ကိစ္စများစွာအတွက် တိုက်ပွဲဝင်ရတာက ခက်ခဲပါတယ်။
အခု ကျွန်တော်တို့ ၁၅ ရက် နားရမယ်။ ဘန်လေနဲ့ ကစားရမယ်ပွဲ မတိုင်ခင် နှစ်ရက်မှာ အသင်းသားတွေ ပြန်ရောက်လာမယ်။ ပြီးရင် လီဗာပူး၊ အက်သလက်တီကို မက်ဒရစ်တို့နဲ့ တွေ့ရမယ်။ ဒီပွဲစဉ်ဇယားအတွက် အကြောင်းပြချက်ကို UEFA က တစ်နေ့မှာ ရှင်းပြနိုင်လောက်ပါတယ်။
ဖလားသုံးလုံး အောင်မြင်မှုအကြောင်း ပြောဖို့က အဝေးကြီး လိုပါသေးတယ်။ အရင်ဆုံး ဘန်လေပွဲအကြောင်း စဉ်းစားတာ ပိုကောင်းပါတယ် ” လို့ ဂွာဒီယိုလာက ဆိုသွားခဲ့တာ ဖြစ်ပါတယ်။