ပူတင်ရဲ့ မဟာမိတ်နဲ့ သွားတွေ့ခဲ့တဲ့ အသင်းပိုင်ရှင် ရှိတ်မန်ဆော်ကြောင့် လန့်နေရတဲ့ မန်စီးတီးအသင်း
မန်စီးတီး အသင်းပိုင်ရှင် ရှိတ် မန်ဆော်ဟာ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားသမ္မတ ပူတင်ရဲ့ မဟာမိတ် ဆီးရီးယားသမ္မတ အာဆက်ဒ်နဲ့ တွေ့ဆုံခဲ့မှုကြောင့် မန်စီးတီးကို ဆိုးကျိုးသက်ရောက်ဖွယ် ရှိမယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။
ချဲလ်ဆီးကလည်း သူတို့ကို ပိုင်ဆိုင်တဲ့ ရုရှားသူဌေး အေဘရာမိုဗစ်ချ်အပေါ် ဗြိတိန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် လက်ရှိအချိန်မှာ တော်တော်လေး ရုန်းကန်နေရတာပါ။
လက်မှတ်အသစ်တွေ ထပ်မံရောင်းချခွင့်မရှိတော့သလို အသင်းကို အရောင်းအဝယ်ပြုလုပ်ဖို့၊ အသင်းမှာရှိတဲ့ ကစားသမားတွေကို အရောင်း အဝယ် ပြုလုပ်ဖို့၊ စာချုပ်သစ်ချုပ်ဆိုဖို့ ပိတ်ပင်ခံထားရတဲ့ ချဲလ်ဆီးဟာ ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲကိုလည်း ကွင်းပိတ်ကစားရဦးမှာပါ။
ဒီလိုအချိန်မျိုးမှာ အာဆက်ဒ်နဲ့ရှိတ်ခ်မန်ဆော်တို့ရဲ့ တွေ့ဆုံမှုက မန်စီးတီးကိုပါ ချဲလ်ဆီးနောက် လိုက်သွားစေနိုင်တယ်လို့ ဆိုနေကြပါတယ်။ ဘီဘီစီရဲ့ ဖော်ပြချက်အရ ဗြိတိန်အစိုးရဟာ ဆီးရီးယားသမ္မတ အာဆက်ဒ်နဲ့ တွေ့ဆုံခဲ့တဲ့ မန်စီးတီးအသင်းပိုင်ရှင်ရဲ့ လုပ်ရပ်အပေါ် အပြင်း အထန် ဝေဖန်ထားတယ်လို့ သိရပါတယ်။
ရုရှားရဲ့လုပ်ရပ်အပေါ် ဘောလုံးလောကအသိုင်းအဝိုင်းက အပြင်းအထန် ဆန့်ကျင်နေပြီး ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ကလည်း ရုရှားလက်ရွေးစင်နဲ့ ရုရှားကလပ်အသင်းတွေကို ယှဉ်ပြိုင်ကစားနေဆဲ ပြိုင်ပွဲတွေကနေ ထုတ်ပယ်ခဲ့ပါတယ်။
လက်ရှိ မန်စီးတီးဟာ ဆုဖလားသုံးလုံးလမ်းကြောင်းပေါ် ရောက်ရှိနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားကာ ချန်ပီယံလိဂ် မှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလားမှာလည်း မန်စီးတီးတို့ ဆီမီးဖိုင်နယ်ကို တက်ရောက်ထားပြီး ဖြစ်ပါတယ်။