မန်စီးတီးကို ခက်ခဲသွားအောင် လုပ်ပြမယ်လို့ သတိပေးတဲ့ လီဗာပူးနည်းပြ ကလော့ပ်

လီဗာပူးဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့နောက် ဧပြီလမှာ မန်စီးတီးနဲ့ ဆက်တိုက်ကစားရမယ့် ၂ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၉ ပွဲအထိ ပြိုင်ဆိုင်ရမှာပါ။

လီဗာပူးဟာ နော်တင်ဟမ်ဖောရတ်စ်ရဲ့ ကြံ့ကြံ့ခံမှုကို ဂျိုတာရဲ့ နောက်ကျဂိုးနဲ့ ဖြိုခွင်းခဲ့ကာ နိုင်ပွဲရရှိခဲ့တာကြောင့် ဖေဖော်ဝါရီလ ကာရာဘောင်းဖလား ချန်ပီယံဖြစ်ခဲ့ပြီးနောက် အဓိက ပြိုင်ပွဲသုံးခုမှာ ဆက်လက် ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က သူ့အသင်းဟာ သမိုင်းဝင် ဖလားလုံးလေးလုံး အောင်မြင်မှုအတွက် ကြိုးပမ်းရေးထက် နောက်လာမယ့်ပွဲကိုပဲ အာရုံစိုက်ရမယ်လို့ ဆိုပါတယ်။ အန်ဖီးကလပ်ဟာ ထိပ်တန်းလိဂ်မှာ စီးတီးရဲ့နောက် တစ်မှတ်ကွာဟနေပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘင်ဖီကာနဲ့ မဲကျခဲ့တာက ဥရောပဖလားအတွက် ကံကြမ္မာက မျက်နှာသာပေးနေခဲ့တာ ဖြစ်ပါတယ်။

ဖလားလေးလုံးစိန်ခေါ်မှုအတွက် လီဗာပူးရဲ့ အလားအလာကို ဧပြီလ ပွဲစဉ်တွေမှာ အစမ်းသပ်ခံရမှာဖြစ်ပြီး သူတို့ဟာ ၈ ပွဲ သေချာပေါက် ကစားရမှာပါ။ ဘင်ဖီကာကို နှစ်ကျော့ကစားလို့ ကျော်ဖြတ်နိုင်ရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တစ်ပွဲ ထပ်ကစားရမှာဖြစ်ပြီး တစ်လလုံး ကြားရက်မှာ အနားရမှာ မဟုတ်ပါဘူး။

ရောက်လာတော့မယ့် စိန်ခေါ်မှုတွေအကြောင်းကို ကလော့ပ်က နားလည်ထားပြီး ယူနိုက်တက်၊ အဲဗာတန်တို့နဲ့ ဒါဘီပွဲတွေအပါအဝင် ခက်ခဲတဲ့ ပွဲစဉ်များစွာ ရှိနေတာကို ထောက်ပြခဲ့ပါတယ်။

“ ကျွန်တော်တို့ ဝက်ဖို့ဒ်၊ ဘင်ဖီကာနဲ့ စရမယ်။ ပြီးရင် စီးတီးနဲ့ ၂ပွဲ၊ ယူနိုက်တက်၊ အဲဗာတန်တို့နဲ့ တွေ့ရမှာပါ။ လီဗာပူးအတွက် ဒါတွေက ကြီးမားတဲ့ ပွဲတွေပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီ့ပွဲတွေကို တစ်ပွဲစီ ချဉ်းကပ် အာရုံစိုက်သွားမှာပါ။

နောက်ဆုံးဖိုင်နယ်အထိ သွားချင်ရင် စီးတီးနဲ့ တချိန်ချိန်မှာ တွေ့ရမှာပဲဆိုတာ ပွဲမတိုင်ခင်ထဲက ကျွန်တော်တို့ သိခဲ့ပါတယ်။ ဘယ်ပြိုင်ပွဲမှာဖြစ်ဖြစ် နောက်ပိုင်းအဆင့်တွေထိ ရောက်လေလေ၊ စီးတီးနဲ့ တွေ့ဖို့ ဖြစ်နိုင်ခြေပိုများလာလေလေပါ။ ဒီနှစ်မှာ ကျွန်တော်တို့နဲ့ တချိန်ချိန်မှာ ရင်ဆိုင်ရမှာပဲ။

ဘယ်အသင်းအတွက်မဆို ကျွန်တော်တို့က သူတို့ မဲကျချင်တဲ့ အိမ်မက်ထဲက ပြိုင်ဘက်လို့ မထင်ပါဘူး။ ဒါပေမယ့် ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ စီးတီးအတွက်လည်း ခက်ခဲအောင် လုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် အဲ့မတိုင်ခင် ပွဲတွေအများကြီး ကစားရဖို့ ရှိနေပါတယ်”လို့ ကလော့ပ်က ပြောပါတယ်။